October 19, 2024

၁၅. ၁. ၂၀၂၄
Translated by Htwe Ko Tun

တူရကီနိုင်ငံ ပထမတန်းတွင် ကစားလျက်ရှိသော အစ္စရေးဘောလုံးသမားတစ်ဦးက ၎င်း၏ပွဲစဉ်အတွင်း အစ္စရေး-ဟားမားစ် စစ်ပွဲကို ရည်ညွှန်းသည့်စာကြောင်းတစ်ခုကို ၎င်း၏ဘယ်ဘက်လက်ကောက်ဝတ်တွင်စီးထားသော ပတ်တီးပေါ်၌ ရေးသားကာ ဖော်ပြခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း ဇန်နဝါရီ ၁၄ ရက်ထုတ် တူရကီသတင်းစာစောင်များက ဖော်ပြခဲ့ကြသည်။

အစောပိုင်းကပင် တူရကီနိုင်ငံ တရားရေးဝန်ကြီးဌာနဝန်ကြီးက အစ္စရေးဘောလုံးသမား ဆာဂစ်ဗ် ဂျီ ဟက်ဇ်ကယ်လ်ကို အမုန်းတရားလှုံ့ဆော်မှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်းပြောခဲ့သည်။ ၎င်းကစားနေသော ကလပ်အသင်း Antalyaspor ကလည်း ၎င်းကိုထုတ်ပယ်ခဲ့ကြောင်းသိရသည်။

အသက် ၂၈ နှစ်ရှိ ဂျီ ဟက်ဇ်ကယ်လ်က ယှဉ်ပြိုင်ကစားနေသည့် Trabsonspor အသင်းကို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လက်ကောက်ဝတ်ပတ်တီးတွင် ရေးသားထားသော “100 days 07/10” (အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှု ရက် ၁၀၀ ပြည့်”) ဟူသည့်စာတန်းကို လက်ဟန်ခြေဟန်ဖြင့်ပြခဲ့သည်။

၎င်းက ဇန်နဝါရီလ ၁၄ ရက်တွင် အစ္စရေး-ဟားမားစ် စစ်ပွဲ ရက် ၁၀၀ ပြည့်မြောက်ခြင်းနှင့် ဟားမားစ် စစ်သွေးကြွအုပ်စုက အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးတောင်ပိုင်းအားဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဓားးစာခံများကို ဖမ်းဆီးသွားခြင်းအား ရည်ညွှန်းခြင်းဟုလည်းယုံကြည်ရသည်ဟု ပြောခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် ဓားစာခံ ၂၄၀ ဦး ဂါဇာသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး အစ္စရေးပြည်သူ ၁,၁၄၀ ဦးသေဆုံးခဲ့သည်ဟုဆိုသည်။ ဖမ်းဆီးခံရသော ဓားစာခံများအနက် ၁၃၂ ဦးကို ဟားမားစ်တို့က ဂါဇာတွင် ဆက်လက်ထိန်းသိမ်းထားဆဲဟု အစ္စရေးဘက်က ပြောခဲ့သည်။

တူရကီနိုင်ငံ တရားရေးဝန်ကြီးဌာနဝန်ကြီး က အန်တာလျာ မြို့ ရှေ့နေချုပ်ရုံးက အစ္စရေးဘောလုံးသမား ဆာဂစ်ဗ် ဂျီ ဟက်ဇ်ကယ်လ် အား ဂါဇာတွင် အစ္စရေးတို့ ကျူးလွန်သော လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ထောက်ခံလျက် ဤသို့စက်ဆုပ်ဖွယ်ပြုမူမှုကြောင့် အမုန်းတရားလှုံ့ဆော်မှုဖြင့် တရားစွဲရန်စုံစမ်းစစ်ဆေးနေကြောင်းပြောခဲ့သည်။

၎င်းကစားလျက်ရှိသော Antalyaspor ကလပ်အသင်းကလည်း ဂျီ ဟက်ဇ်ကယ်လ် ကို အသင်းမှထုတ်ပယ်ပြီးဖြစ်ကြောင်းကြေညာခဲ့သည်။ တူရကီဘောလုံးအဖွဲ့ချုပ်ကလည်း ဘောလုံးပွဲစဉ်အတွင်း အစ္စရေးဘောလုံးသမား ဂျီ ဟက်ဇ်ကယ်လ် ၏ ဤသို့ပြုမူမှုကို ရှုတ်ချကြောင်းကြေညာခဲ့သည်။

Ref–AFP

Leave a Reply

Your email address will not be published. Required fields are marked *