October 19, 2024

၁၅. ၁. ၂၀၂၄
Written by Pan Ei

အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple ဟာ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းဈေးကွက်မှာ အပြိုင်အဆိုင်ဖိအားတွေ တိုးလာနေတာကြောင့် တရုတ်နိုင်ငံမှာ iPhone တွေအတွက် ရှားပါးတဲ့လျှော့စျေးတွေကို ပေးနေပြီး လက်လီစျေးနှုန်းတွေကို ယွမ် ၅၀၀ (အမေရိကန်ဒေါ်လာ ၇၀) (မြန်မာငွေနဲ့ဆို ၂ သိန်းကျော်) လောက်အထိကို လျှော့ချပေးနေတာပါ။

နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် Apple ဟာ သူတို့ရဲ့ နောက်ဆုံးထွက် iPhone တွေအတွက် ဈေးနှုန်းတွေကို လျှော့ချပေးတာမျိုး မရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလက ထွက်ရှိခဲ့တဲ့ iPhone 15 စီးရီးမှာတော့ ဈေးနှုန်းလျှော့ချတာတွေ စတင်ရှိလာတာဖြစ်ပြီး Apple ဟာ တချို့သော iPhone တွေရဲ့ ဈေးနှုန်းတွေကို ၅ ရာခိုင်နှုန်း လျှော့ချလိုက်ကြောင်း သူတို့ရဲ့ တရုတ်ဝက်ဘ်ဆိုက်မှာ တနင်္လာနေ့ (ဇန်နဝါရီ ၁၅ ရက်) မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပရိုမိုးရှင်းကတော့ အချိန်အကန့်အသတ်ရှိကာ ဖေဖော်ဝါရီလ တရုတ်နှစ်သစ်ကူးအားလပ်ရက်အထိ ကြာမြင့်မယ်လို့သိရပါတယ်။

Apple ရဲ့ နောက်ဆုံးထွက် iPhone 15 စီးရီး စမတ်ဖုန်းတွေရဲ့ ရောင်းအားဟာ တရုတ်နိုင်ငံမှာ အရင်မော်ဒယ်တွေထက် များစွာ ဆိုးရွားခဲ့ပါတယ်။ Huawei Technologies နဲ့ Xiaomi တို့လိုမျိုး ပြည်တွင်းပြိုင်ဘက်တွေကလည်း အပြိုင်အဆိုင် မော်ဒယ်တွေကို ထုတ်နေကြသလို တချို့သော ကုမ္ပဏီတွေနဲ့ အစိုးရဌာနတွေကလည်း ဝန်ထမ်းတွေ Apple စက်ပစ္စည်းတွေ အသုံးပြုတာကို ကန့်သတ်ထားနေတဲ့ အချိန်မှာ Apple က ဖုန်းတွေကို ခုလို လျှော့ဈေးတွေနဲ့ ရောင်းနေရတာပါ။

တရုတ်မှာ iPhone ရောင်းအားက အရင်နှစ် ကာလတူက ကိန်းဂဏန်းတွေနဲ့ ယှဉ်ရင် ၂၀၂၄ ခုနှစ် ပထမပတ်အတွင်း ၃၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း Jefferies မှ လေ့လာသုံးသပ်သူတွေကပြောကြားထားပြီး ၂၀၂၄ ခုနှစ်မှာ ပြိုင်ဆိုင်မှုတွေက ပိုမိုပြင်းထန်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက အွန်လိုင်းစျေးဝယ်ပလက်ဖောင်းတွေက iPhone 15 နဲ့ iPhone 15 Pro တို့ရဲ့ စျေးနှုန်းတွေကို အခုနှစ်အစပိုင်းကတည်းက ၁၆ ရာခိုင်နှုန်းအထိ လျှော့ချပြီး ရောင်းချလျက်ရှိပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *