October 19, 2024

၁၅. ၁. ၂၀၂၄
Written by Nay Moe

ချင်းလက်နက်ကိုင် ကူကီး PDF တွေက ရှမ်းနီတိုင်းရင်းသား ၄၁ ဦးကို သတ်ဖြတ်လိုက်မှုမှာ ကလေးသူငယ်ပါမချန်သတ်ဖြတ်ထားတယ်လို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ(SNUC) ဗဟိုကောင်စီ/ဗဟိုကော်မတီက ဒီနေ့ထုတ်ပြန်ပါတယ်။

PDF အမည်ခံထားတဲ့ ကူကီးချင်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှာ ရှမ်းနီဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ အောင်ဇေယျမြို့၊ သနန်ရွာမှာ ရှမ်းနီအမျိုးသား အပြစ်မဲ့ပြည်သူ (၃၇)ဦးကို ကလေးသူငယ်ပါမကျန် မိသားစုလိုက် ရက်စက်စွာသတ်ဖြတ်မှုနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီ ၁၃ ရက်မှာ PDF အမည်ခံ ကူကီးချင်းလက်နက်ကိုင်တပ်ဖွဲ့ကပဲ စစ်ကိုင်းတိုင်း၊ အိန္ဒိယ- မြန်မာနယ်စပ်မျဉ်းပေါ်ရှိ စံခပ်လော်ကျေးရွာကို စစ်ရှောင်လာကြရင်း အသုဘပို့ပြန်လာတဲ့ သနန်ရွာသား ရှမ်းနီအမျိုးသားပြည်သူ(၄)ဦးကို ရက်စက်စွာ သတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ်လို့ SNA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကူကီး PDF တွေဟာ အပြစ်မဲ့ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကိုင်အကြမ်းဖက်သတ်ဖြတ်တာဖြစ်သလို ဒီလိုလုပ်ရပ်က လူမဆန်တဲ့အပြင် လူမျိုးတစ်မျိုးက အခြားလူမျိုးကို အနိုင်ကျင့်ဗိုလ်ကျတာဖြစ်တယ်လို့လည်း SNA က ပြောပါတယ်။

ဒီလိုမျိုး ရှမ်းနီလူမျိုးစုကို လူမျိုးတုံးပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အစုလိုက်အပြုံလိုက်သတ်တဲ့ လုပ်ရပ်ကို ပြင်းထန်စွာဆန့်ကျင်ကန့်ကွက် ရှုတ်ချသလို ဒီလိုမျိုး လူမျိုးတုံးသတ်ဖြတ်မှုအတွက် PDFအမည်ခံကူကီး ချင်းလက်နက်ကိုင်နဲ့ သူတို့ကို ပံ့ပိုးကူညီကြသော NUG အပါအဝင် အဖွဲ့အစည်းတွေမှာ အလုံးစုံတာဝန်ရှိတယ်လို့လည်း SNA က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *