October 19, 2024

၁၅. ၁. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ရေတပ်မှ ဖျက်သင်္ဘော USS Laboon သည် ပင်လယ်နီဒေသတောင်ပိုင်းတွင် တာဝန်ထမ်းဆောင်နေစဉ် ဟူသီစစ်သွေးကြွများက ယီမင်နိုင်ငံအတွင်းမှ သင်္ဘောဖျက်ခရုဇ်ဒုံးကျည်ဖြင့် ဇန်နဝါရီ ၁၄ ရက်က ပစ်ခတ်ခဲ့ရာ အမေရိကန်တိုက်လေယာဉ်တစ်စီးက အဆိုပါဒုံးကျည်ကို ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်က ပြောကြားခဲ့သည်။

ဟူသီတို့က ပင်လယ်နီဒေသအတွင်း ဖြတ်သန်းသွားလာသော ကုန်သင်္ဘောများအား တိုက်ချင်းပစ်ဒုံးပျံများဖြင့် ပစ်ခတ်လျက်ရှိရာတွင် ယခုဖြစ်ရပ်က ထိုသဘောင်္များအတွက် လုံခြုံရေးဆောင်ရွက်နေသော အမေရိကန်ဖျက်သင်္ဘောကိုပါတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အီရန်ကထောက်ခံအားပေးထားသော ဟူသီသူပုန်တို့အား အမေရိကန်နှင့် ဗြိတိန်တို့က လေကြောင်းတိုက်ခိုက်မှုများကို ယီမင်နိုင်ငံအတွင်း ဇန်နဝါရီ ၁၂ ရက်မှစတင်၍ ပြုလုပ်လာခဲ့ကြအပြီးတွင် ဟူသီတို့ဘက်က ဤသို့တုံ့ပြန်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဂါဇာ စစ်ပွဲ၏အရှိန်အဟုန်က အရှေ့အလယ်ပိုင်းဒေသအတွင်း ပို၍ ကျယ်ပြန့်လာမည်ကို အထူးစိုးရိမ်လျက်ရှိကြသည်။

ဟူသီတို့၏ ဤကဲ့သို အမေရိကန်ဖျက်သင်္ဘောအားတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ရာမရှိကြောင်းလည်း အမေရိကန်စစ်ဘက်က ကြေညာခဲ့သည်။ အမေရိကန်အလယ်ပိုင်းစစ်တိုင်းက ဒုံးကျည်ကို ယီမင်ဆိပ်ကမ်းမြို့ဖြစ်သော ဟိုဒေဒါးမြို့အနီးမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်းပြောခဲ့သည်။

ဇန်နဝါရီလ ၁၄ ရက်အစောပိုင်းက အမေရိကန်လေယာဉ်တို့သည် ယီမင်နိုင်ငံ၏ ဝေဟင်ပိုင်နက်နှင့် ကမ်းခြေဒေသများသို့ အလွန်နီးကပ်စွာပျံသန်းခဲ့ကြောင်း ဟူသီတို့က ပြောခဲ့ကြသေးသည်။ ယီမင် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဗ္ဗဒူလ် ဆာလမ်က အမေရိကန်လေယာဉ်တို့၏လှုပ်ရှားမှုက ယီမင်နိုင်ငံ၏ အချုပ်အခြာအာဏာကို စော်ကားချိုးဖောက်ခြင်းဟုလည်းပြောခဲ့သည်။

Ref, The Guardian

Leave a Reply

Your email address will not be published. Required fields are marked *