October 19, 2024

၁၅. ၁. ၂၀၂၄
Written By Thandar

အသက် (၈၁) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ဘုရား၊ ကျောင်း၊ ဇရပ်၊ နတ်လမ်း၊ ရဟန်း၊ ဒါယိကာမကြီး ဂန္တဝင် တေးသံရှင် မာမာအေး ရက်လည်ဆွမ်းကျွေး တရားတော်နာပွဲကို ယနေ့ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ မင်းကွန်းတိပိဋကနိကာယရွှေရတု ကျောင်းတော်ကြီးမှာ ကျင်းပခဲ့ပါတယ်။

“ဦးပဥ္ဇင်းနဲ့ မောင်နှမဆိုပေမယ့် သားအမိတွေလို နေလာခဲ့ကြတာ။ သူ့ကွယ်လွန်ခြင်းသည် ကောင်းမွန်စွာ အသက်ထွက်သွားတဲ့အတွက် ကောင်းမွန်တဲ့ ဘုံဘဝကိုရောက်မှာပါ။ သူ မလှူဖူးတာမရှိဘူး။ တရားတွေဆိုရင်လည်း မိုးကုတ်ဆရာတော်ဘုရားနည်းလမ်းတွေနဲ့ တရားတွေလည်း ကျင့်ကြံတယ်။ တရားတွေအများကြီး။ ကောင်းရာဘုံရောက်မှာပါ။ အသက်က ညင်သာစွာနဲ့ ထွက်ရှိသွားတာမို့ အသေကောင်းတယ်လို့ ခေါ်ပါတယ်”လို့ ဂန္တဝင်အဆိုတော် ဒေါ်မာမာအေးရဲ့ မောင် (တေးသံရှင် မောင်စိမ်းမြ) ဆရာတော် အရှင်စန္ဓိမာက မိန့်တော်မူပါတယ်။

အဆိုပါ အခမ်းအနားကိုတော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း ၊ နာယကကြီး ‌ဦးအောင်လွင် ၊ မန္တလေးသိန်းဇော် ၊ ဖိုးသောကြာ ၊ ကြည်သာ ပွဲကြိုက်ခင် ၊ သန်းထွန်းလေး ၊ ဂီတမှူးသန်းဝင်းလှိုင် ၊ ဦးနန်းဝင်း ၊ ဒါရိုက်တာ အောင်ကျော်ထွန်း ၊ မောင်မောင်ထိပ် ၊ တင်တင်မြ ၊ ဖြူသီ ၊ ရီရီသန့် ၊ တက္ကသိုလ်လဲ့လဲ့ ၊ အန်တီထား ၊ နှင်းရည်သန့် ၊ ဝင်းပပသိန်းတန် ၊ ရွှေရည်သိန်းတန် ၊ အိအိချွန် ၊ မေအောင်လင်း ၊ မေသက်ထားဆွေ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဂန္တဝင်ဘွားဘွားကြီး ဒေါ်အေးမြင့် (ခ) တေးသံရှင် မာမာအေးဟာ အမေရိကန်နိုင်ငံ ဖို့သ်ဝိန်းမြို့ နေအိမ်မှာပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် ညနေ ဒေသစံတော်ချိန် ၆ နာရီ ၂၈ မိနစ်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီနေ့ ဇန်နဝါရီ ၁၅ ရက်မှာ ကျရောက်တဲ့ ရက်လည်တရားနာပွဲကို အမေရိကန်နိုင်ငံမှာလည်း ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *