October 19, 2024

၁၅. ၁. ၂၀၂၄
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်တောင်ပိုင်းက သဲကန္တာရမှာ မနေ့(ဇန်နဝါရီ ၁၄ ရက်) က လူစီး မီးပုံးပျံတစ်လုံးပျက်ကျခဲ့ရာ လူလေးဦး သေဆုံးပြီး အခြား လူတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ မီးပုံးပျံ ပျက်ကျမှုဟာ ဖီးနစ်မြို့တောင်ဘက် ၆၅ မိုင်ခန့်အကွာရှိ Eloy မြို့က ကန္တာရနေရာတစ်ခုမှာ တနင်္ဂနွေနေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသဆိုင်ရာ ရဲဌာနက သတင်းထုတ်ပြန်ထားပြီး ပျက်ကျချိန်မှာ မောင်းနှင်သူနဲ့ ခရီးသည် လေးဦး စီးနင်းလျက်ရှိတယ်လို့ သိရပါတယ်။ အခုလက်ရှိအချိန်ထိ မီးပုံးပျံပျက်ကျရတဲ့အကြောင်းရင်းအတိအကျကို မသိရသေးပေမဲ့ မီးပုံးပျံရဲ့ အပေါ်ပိုင်းပူဖောင်းကိုယ်ထည်မှာ ပြဿနာရှိနေတာကြောင့်ဖြစ်နိုင်တယ်လို့ အဲ့ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတဲ့ အမျိုးသား သယ်ယူပို့ဆောင်ဘေးကင်းရေးဘုတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေရဲ့အမည်စာရင်းကို အာဏာပိုင်တွေက လူသိရှင်ကြားထုတ်ပြန်ခြင်း မရှိသေးဘဲ ပျက်ကျခဲ့တဲ့ မီးပုံးပျံဟာ Cameron Balloons ကုမ္ပဏီက ထုတ်လုပ်တဲ့ A-160 အမည်ရှိ ခရီးသည်တင် မီးပုံးပျံဖြစ်သလို အဲ့ဒီအမျိုးအစား မီးပုံးပျံတွေဟာ မောင်းနှင်သူတစ်ဦးနဲ့ စီးနင်းသူ ခုနစ်ဦးအထိ တင်ဆောင်နိုင်တယ်လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Eloy ရဲဌာနက သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့နဲ့ ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေး အေဂျင်စီတို့နဲ့အတူ လုပ်ဆောင်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *