October 19, 2024

၁၅. ၁. ၂၀၂၄
Written by Ye Kyaw

သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်း ယနေ့ ထပ်မံထုတ်ရောင်းချပေးခဲ့ပြီး သုံးကြိမ်ရောင်းချပေးမှုအတွင်း ဒေါ်လာ ၄၄ သန်းနီးပါးအထိ ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဈေးကွက်အတွင်းသို့ ဒေါ်လာရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီ ၂ ရက်တွင် ပထမအကြိမ် ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း ရောင်းပေးထားကာ ယနေ့တွင် ဒေါ်လာ ၁၅ သန်း ထပ်မံထုတ်ရောင်းပေးမှုအရ သုံးကြိမ်အတွင်း စုစုပေါင်းဒေါ်လာ ၄၃ ဒသမ ၉၃ သန်း ရောင်းချပေးထားခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ဒီဇင်ဘာ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့၍ ရောင်းချပေးခဲ့သည့် နှစ်ကြိမ်အတွင်း စုစု‌ပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးထားပြီးလည်းဖြစ်သည်။

သွင်းကုန်ပစ္စည်းအသစ် ဝယ်ယူနိုင်မှုနည်းလာခြင်းနှင့် ပြည်ပရောက် အလုပ်သမားများ နှစ်သစ်ကူး ရုံးပိတ်ရက် ပြန်လာချိန် ဒေါ်လာများပါလာသည့်အတွက် ၂၀၂၃ နှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီမှစ၍ တစ်ဒေါ်လာ ကျပ် ၃၅၀၀ အောက် ကျဆင်းလာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်မှစ၍ တစ်ဒေါ်လာ ကျပ် ၃၄၅၀ ဖြင့် လက်ရှိအချိန်ထိ အဆိုပါဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *