October 19, 2024

၁၅. ၁. ၂၀၂၄
Written by Nyein Kyaw

ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် မတူညီသော မိမိတို့ဆန္ဒများကို ရှေ့တန်းတင်ဆောင်ရွက်နေမည်ဆိုပါက အချင်းအချင်းအကြား မပြေလည်မှုများ၊ ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကာ ဆင်းရဲဒုက္ခများကို ဆက်လက်ရင်ဆိုင်နေရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် (၇၂) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများနှင့် ကြမ်းတမ်း ခက်ထန်မှုများအတွက် အဓိကကျသောအဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန်ကန်ကန်ရှု့မြင်ပြီး ကောင်းကျိုးများ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် ပြည်ထောင်စုအရေး၊ နိုင်ငံရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အရေးကို အလေးပေးကာ တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူအားလုံးတို့က လက်တွဲညီစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခုကာလတွင်လည်း ကယားပြည်နယ် အပါအဝင် အထူးသဖြင့် တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်း၊ ဆူပူအကြမ်းဖက်၊ ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွာ ခံစားနေကြရပြီး နိုင်ငံအတွက် အန္တရာယ်များလာနိုင်သဖြင့် သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အလေးထား စဉ်းစားဆောင်ရွက်သင့်ပြီဖြစ်ကြောင်း အသိပေးပြောကြားသည်။

အလားတူပင် ကယားပြည်နယ်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသတွင်းတည်ငြိမ်နေမှုများ ပျက်ပြားအောင်ဆောင်ရွက်ခြင်း၊ မြို့ရွာများကို တိုက်ခိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်စည် စီးဆင်းမှု ပြတ်တောက်အောင် လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း စသည်တို့အပြင် အများပြည်သူပိုင် မော်တော်ယာဉ်များ၊ အဆောက်အအုံများ၊ ဈေးများဖျက်ဆီးခြင်း၊ ဘုန်းကြီးကျောင်းများ၊ ကလေးသူငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ ရုံးအဆောက်အအုံများ အစရှိသည်တို့ကို ဖျက်ဆီးခဲ့ခြင်းများသည် လွန်စွာမှ အကျည်းတန်ရုပ်ဆိုးလှပြီး ပြည်သူလူထု အတိဒုက္ခရောက်စေခြင်းကို ဖြစ်ပေါ်စေခဲ့ကာ ထိုအခြေအနေများ၏ အကျိုးဆက်မှာ ကယားပြည်နယ်နှင့် ဒေသခံတိုင်းရင်းသားတို့၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ကြရန် လိုအပ်သည်ဟုလည်း SAC ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသည်။။

Leave a Reply

Your email address will not be published. Required fields are marked *