October 19, 2024

၁၄.၁.၂၀၂၄
Written By Thandar

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒုတိယအကြိမ်ကျင်းပတဲ့ I Am Model Sreach International 2023 (Teen) ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ရှင်မေခက 2nd Runner Up ဆုနဲ့ Be You Award Title ဆုတို့ ဆွတ်ခူးရရှိတယ်လို့ MT News ကို ပြောပါတယ်။

“ခ အနေနဲ့ 2nd runner up နဲ့ Be You Award Title ဆုတို့ပါ ရရှိလို့ အတိုင်းမသိဝမ်းသာရပါတယ်။ 2nd Runner Up ကတော့ အရည်အချင်း၊ အလှအပ၊ အပြောအဆိုအနေအထိုင်၊ ပုံစံ၊ စတိုင် Catwalk အစစအရာရာကို ကြည့်ပြီး တာဝန်ရှိတဲ့ လူကြီးတွေကိုယ်တိုင်က မျှမျှတတအကဲဖြတ်ပြီး ရွေးချယ်ပေးတာပါရှင့်။ Be you ဆုရဲ့ရည်ရွယ်ချက်က ဘယ်သူနဲ့မှမတူဘဲ ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန်ရှိတယ်ပေါ့။ ကိုယ့်ပုံစံလေးအတိုင်းပဲ ကိုယ်ထင်းနေတယ်ဆိုတာမျိုးပေါ့နော်။ အဲလိုမျိုးရွေးချယ်ပေးတာပါ။ ပထမဆုံးအနေနဲ့ ခရဲ့ မိဘနှစ်ပါးနဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ အမြဲတမ်း ခအတွက်ပံ့ပိုးပေးခဲ့ကြတယ်။ ပြီးတော့ ခတို့ရဲ့ National Director ကိုနော်နဲ့မနိုင်းတို့ မိသားစုကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ မိသားစုလိုက်ကို လိုလေသေးမရှိအောင်နေမကောင်းကြတဲ့ကြားကနေ အစစအရာရာ အသေးအမွှားကအစ လိုက် ဂရုစိုက်ပေးလိုက်လုပ်ပေးကြပါတယ်။ အခုအချိန်မှာ သူတို့ဂုဏ်ယူရအောင်ကြိုးစားပေးခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ အကောင်းဆုံးချပြခဲ့ရတဲ့အတွက်လည်း ကျေနပ်မိပါတယ်ရှင့် “လို့ 2nd Runner Up ဆုရှင် သျှင်မေခက MT News ကို ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကနေ ဇန်နဝါရီ ၁၅ ရက်အထိ ကျင်းပတဲ့ အဆိုပါ ပြိုင်ပွဲကြီးမှာ ဖိလစ်ပိုင် ၊ ကမ္ဘောဒီး ယား ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် စတဲ့ နိုင်ငံ ၁၅ နိုင်ငံက အလှမယ်တွေနဲ့အတူ သူမက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။

“National Costume ကိုလည်း သေချာလေး အကောင်းဆုံး ချပြခဲ့ပြီး ဒိုင်တွေနဲ့တခြားလူတွေကလည်း အတော်လေးသဘောကျကြတယ်ရှင့်။ သူငယ်ချင်းတွေအများကြီးရလာပြီး သူတို့ကလည်း မြန်မာစကားကို စိတ်ဝင်စားကြတယ်။ သင်ပေးဖို့တောင်ပြောကြသေးတာရှင့်။ မြန်မာပြည်ကနေအားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်”လို့ သူမကဆက်ပြောပါတယ်။

ဒါ့ပြင် I Am Model Search International 2024 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ (Teen Category) ဆယ်ကျော်သက်အလှမောင် Lucas Ah Lay က နိုင်ငံပေါင်း ၂၁ နိုင်ငံက အလှမောင်တွေနဲ့အတူ ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု အလှ‌မောင် Mister Lucas Ah Lay က The Most Promising Model Award ကို ရရှိခဲ့ပါတယ်။ သူတို့က မလေးရှားနိုင်ငံကနေ လာမယ့် ဇန်နဝါရီ ၁၆ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *