October 19, 2024

ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း အမြန်ဆုံးပြီးအောင် ဆောင်ရွက်ရန်ပါ ညွှန်ကြား

၁၃. ၁. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်မြို့တွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေးရန်လိုပြီး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဖြင့် ဓာတ်အားထုတ်လုပ်ခြင်းများ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြိုပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လှိုင်သာယာမြို့၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့အတူ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအား အမြန်ဆုံးပြီးစီးရေး တာဝန်ရှိသူများမှ ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုဇုန်များတွင် လျှပ်စစ်မီးလုံလောက်စွာ ရရှိမှသာ ကုန်ထုတ်လုပ်ငန်းများ ဆောင် ရွက်နိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည် နယ်များကလည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အတွင်း လုပ်ကိုင်နိုင်သည့် လျှပ်စစ်ကဏ္ဍအပါအဝင် အခြားကဏ္ဍများကို ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန်နှင့်ပတ်သက်၍ စက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်နေသူများ အဆင်ပြေစေရေး ‌ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့ပြတည်‌ဆောက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် စဉ်းစားဆောင်ရွက်မည်ရမည်ဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည်အတွက် စီမံကိန်းများချမှတ်၍ စီမံဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် SAC ဥက္ကဋ္ဌသည် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်‌ဆေးခဲ့ပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးကာ တက္ကသိုလ်၊ ကောလိပ်များသည် ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်နှင့် ကိုက်ညီရန် အဆင့်မီရန်လိုကြောင်း ညွှန်ကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *