October 19, 2024

◾မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က “Haigeng Agreement” ဟိုင်ဂင်သဘောတူညီမှု ဆွေးနွေးပွဲ၏ နောက်ဆက်တွဲရလဒ်ရ အသေးစိတ်ထုတ်ပြန်လာ

MT News

၁၂. ၁. ၂၀၂၄

တရုတ်နိုင်ငံ၏ ညှိနှိုင်းပေးမှုအရ SAC က မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ သိမ်းပိုက်ထိန်းချုပ်လိုက်သော နေရာများအား လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်မပစ်ရန် သဘောတူခဲ့ရသည်ဟု ယနေ့ညတွင် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ထုတ်ပြန်သည့် “Haigeng Agreement” ဟိုင်ဂင်သဘောတူညီမှု ဆွေးနွေးပွဲ၏ နောက်ဆက်တွဲရလဒ်ရ အသေးစိတ်ထုတ်ပြန်ဖော်ပြမှုအရ သိရသည်။

တရုတ်ပြည်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် SAC ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နှင့် (၁၁) ရက်နေ့များတွင် ” ဟိုင်ဂင်သဘောတူညီမှုများ” ကို နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဤတွေ့ဆုံမှုသည် တတိယအကြိမ်ဆွေးနွေးပွဲဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် – (၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ (၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ (၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေး စသည့်အချက်များအပေါ် သဘောတူညီမှုများရရှိခဲ့ကြသည်သည်ဟု မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ဆိုသည်။

ထိုသို့သဘောတူညီမှုရရှိစေရန်အတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ရှမ်းမြောက်ဒေသရှိ မိမိတို့၏ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်။

ထို့အတူ နှစ်ဘက်အဖွဲ့အစည်းမှ တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန် သဘောတူညီခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်မှ ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူခဲ့ကြသည်ဟုလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သော MNDAA ၊ TNLA နှင့် AA တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *