October 19, 2024

၁၃. ၁. ၂၀၂၃
Written by Pan Ei

အော်စကာဆုရ “Parasite” ရုပ်ရှင် ဒါရိုက်တာ Bong Joon-ho အပါအဝင် တောင်ကိုရီးယားက ရုပ်ရှင်ရိုက်ကူးသူတွေ၊ သရုပ်ဆောင်တွေ၊ အဆိုတော်တွေနဲ့ စက်မှုလုပ်ငန်း တာဝန်ရှိသူတွေက ကွယ်လွန်သူ မင်းသား Lee Sun-kyun ရဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု စွပ်စွဲချက်တွေအပေါ် ရဲနဲ့ မီဒီယာတွေရဲ့ ကိုင်တွယ်မှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပြီး ခုလိုဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေတော့ဖို့လည်း ဥပဒေသစ်တွေပြဌာန်းဖို့ အဆိုပြုခဲ့ပါတယ်။

နာမည်ကြီး ဒါရိုက်တာ Bong Joon-ho Bong နဲ့ တခြားရုပ်ရှင်၊ ဂီတနဲ့ ဖျော်ဖြေရေးနယ်ပယ်က ပုဂ္ဂိုလ်တစ်ဒါဇင်ကျော်က ဆိုးလ်မြို့မှာ မနေ့(ဇန်နဝါရီ ၁၂ ရက်)က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး “ရဲစုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးပြဿနာတွေ ရှိမရှိ အချက်အလက်ရှာဖွေရေး စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်” လို့ Bong က အနုပညာရှင် ၂၀၀၀ ကျော်နဲ့ လုပ်ငန်းအဖွဲ့အစည်း ၂၉ ခုက လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်ကို ဖတ်ကြားခဲ့တာပါ။

ဒါ့အပြင် အနုပညာရှင်တွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ လုပ်ကြံသတင်းတွေကြောင့် အနုပညာရှင်တွေ မတရားသေဆုံးရတဲ့ဖြစ်ရပ်မျိုး ထပ်မဖြစ်ပွားစေဖို့ တာဝန်ရှိသူတွေက ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ ဥပဒေအသစ်တွေပြဌာန်းပေးဖို့ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

မင်းသားကို တရားမဝင် မူးယစ်ဆေးဝါးတွေ သုံးစွဲခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့အတူ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ရဲတပ်ဖွဲ့က လူသိရှင်ကြား စုံစမ်းစစ်ဆေးကာ ထုတ်ဖော်ပြသမှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ်မှာ ၁၉ နာရီကြာ စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် ကွယ်လွန်ခဲ့တဲ့ မင်းသား Lee Sun-kyun ဟာ အွန်လိုင်းပေါ်ကအနိုင်ကျင့်မှုတွေ၊ ကိုယ်ရေးကိုယ်တာတိုက်ခိုက်မှုတွေနဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေအောက် ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေအပေါ် စိတ်ဝင်စားမှုများစွာခံကြရတဲ့အပေါ် မကြာခဏဆိုသလို အဆုံးစီရင်ခဲ့ကြတဲ့ တောင်ကိုးရီးယားအနုပညာရှင်များစွာထဲက နောက်ဆုံးတစ်ယောက်လည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုနှုန်း အမြင့်ဆုံးလည်းဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *