October 19, 2024

၁၃. ၁. ၂၀၂၄
Written By Thandar

ပုရိသတွေရဲ့ ရင်ကိုခွဲခဲ့တဲ့ ပရိသတ်က ချစ်စနိုးနဲ့ စူစူလို့ ခေါ်ဆိုကြတဲ့ နိုင်ငံကျော်သရုပ်ဆောင် အိချောပိုနဲ့ Moses Mone တို့ရဲ့ Wedding Dinner အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ Inya Lake ဟိုတယ် (Poolside Launch) မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

ဒီမင်္ဂလာအခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် နေတိုး၊ နေမင်း ၊ မင်းသူ ၊ နေမျိုးအောင် ၊အောင်ခိုင်၊ ခင်လှိုင်၊ အလင်းရောင် ၊ ခင်ဝင့်ဝါ၊ ရတနာမိုင်၊ ဝါဝါအောင် ၊ စိုးမိုးကြည်၊ မေပန်းချီ စတဲ့ အနုပညာရှင်များစွာက တက်ရောက် ဂုဏ်ပြုပေးခဲ့ကြပါတယ်။

“စူစူက ပန်းချီ လေးစားအားကျရတဲ့ အမျိုးသမီးထဲလည်း ပါတယ်။ အရမ်းလည်း ချစ်ဖို့ကောင်းတယ်။ စူစူနဲ့ ပတ်သက်ပြီး ရှုတင်ရိုက်တိုင်း အမှတ်တရတွေ အများကြီး ရှိတယ်။ ပန်းချီတို့က အရမ်းအောင်မြင်တဲ့ အနုပညာသမား မဟုတ်ပေမယ့်လည်း စူက အမြဲတမ်း တလေးတစား ပြောဆိုတယ်။ အဲ့လိုအပြင် စူရဲ့ အမျိုးသား အကိုကလည်း တလေးတစားပဲ ဆက်ဆံတယ်။ စကားပြောတာကအစ လေးစားဖို့ကောင်းတယ်။ ပန်းချီနဲ့ စူစူက မိဘကို တအားချစ်တဲ့သူတွေဖြစ်တယ် ။ မိဘကို ချစ်တဲ့သူတိုင်းက ဘယ်တော့မှ ဒုက္ခမရောက်ဘူးဆိုတဲ့ စကားက မှန်ပါတယ်။ စူစူတို့ကိုလည်း အရမ်း အားကျလေးစားရပါတယ်။ ထာဝရ လက်တွဲနိုင်ပြီး သားသားမီးမီးနဲ့ ပျော်ရွှင်စရာ ဘ၀ခရီးကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ် ” လို့ သရုပ် ဆောင် မေပန်းချီက Wedding Dinner အခမ်းအနားမှာ ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

သရုပ်ဆောင်အိချောပိုဟာ ချစ်သူသက်တမ်း လေးနှစ်အကြာမှာ Moses Mone နဲ့ ရွှေလက်တွဲခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံ နိုင်ယန်ကမ်းခြေရှိ Phuket Marriott Resort & Spa မှာ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ အိချောပိုတို့ကတော့ မြန်မာနိုင်ငံက အနုပညာမောင်နှမတွေ အသိ မိတ်ဆွေတွေအတွက် မင်္ဂလာပွဲတွေကို မြန်မာနိုင်ငံမှာ ပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *