October 19, 2024

၁၃. ၁. ၂၀၂၃
Written by Ye Kyaw

တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့၏ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ခိုင်မာမှုရှိစေရန် မြန်မာ-တရုတ်နယ်စပ်ရှိ စီးပွားရေးလုပ်ငန်းရှင်များ မျှော်လင့်နေပြီး ယခင်ကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမည်ဆိုပါက စီးပွားရေးများ ထပ်မံထိခိုက်လာမည်ကိုစိုးရိမ်နေကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းရှိ စီးပွားရေးအသင်းအဖွဲ့များထံ သိရသည်။

“အပစ်အခတ်ရပ်စဲရေးက ပိုခိုင်မာတယ်ဆိုရင်တော့ ကုန်သွယ်ရေးလမ်းကြောင်းလည်း ပြန်ကောင်းလာမယ်လို့ ထင်တယ်။ အပစ်အခတ်ရပ်စဲမှုက မခိုင်မာဘူးဆိုရင် ပြန်ဖြစ်မယ်ဆိုရင်တော့ အရင်လိုပဲပြန်ဖြစ်မှာပေါ့။ ကျွန်တော်တို့လည်း တော်တော်ထိနေပြီ။ လုံးဝကိုခံနေရတာ” ဟု မူဆယ် ၁၀၅ မိုင် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက MT News သို့ ပြောသည်။

အပစ်အခတ်ရပ်စဲမှုများ ခိုင်မာစွာဆောင်ရွက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ကောင်းလာနိုင်ပြီး တရုတ်နိုင်ငံဘက်ရှိ ယူနန်ပြည်နယ်အနေဖြင့်လည်း  ၎င်းတို့စီးပွားရေးနှင့် ကုန်သွယ်ရေးများ ထိခိုက်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးကို  ပြန်လည်ဆောင်ရွက်လိုနေကြကြောင်း မြန်မာ-တရုတ်နယ်စပ် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
 
MNDAA၊ TNLA နှင့် AA လက်နက်ကိုင် ၃ ဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းမြောက်ဒေသတွင် စစ်ဆင်ရေးများ စတင်ဆောင်ရွက်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ ကုန်သွယ်ရေးလမ်းများကို တိုက်ခိုက်ခဲ့မှုများကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ရသည်မှာ နှစ်လကျော်ရှိနေပြီဖြစ်သည်။
 
“အခုက ၁၀၀ ရာခိုင်နှုန်းရပ်သွားပြီ။ မိုင်းလားဘက်က တစ်ခုသွားတာပဲရှိတယ်။ မိုင်းလားကြတော့ ဝေးတယ်မသွားနိုင်ဘူး။ ကျိုင်းတုံ၊ မိုင်းလား အဲဒီဘက်ကိုသွားရတော့ အရမ်းဝေးတယ်။ ဆန်ကြတော့ မကိုက်ဘူး။ သူတို့ပေးတဲ့ဈေးနှုန်းနဲ့ လမ်းစရိတ်နဲ့က မကိုက်ဘူး။ ပြောင်းတို့ ဖရဲသီးတော့ သွားတယ်” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့အကြား ယာယီအပစ်ခတ် ရပ်စဲရေး သဘောတူညီမှုရခဲ့ကြောင်းနှင့် အပစ်အခတ်ရပ်စဲမှုခိုင်မာရေးကိုပါ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၂ ရက် (ယမန်နေ့)တွင်အတည်ပြုပြောကြားထားသည်။

ထို့အတူ တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့တို့အကြား ဆွေးနွေးမှုတွင် ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် သဘောတူညီခဲ့သည့်အပြင် တရုတ်နိုင်ငံ နယ်စပ်ဒေသပြည်သူများနှင့် မြန်မာနိုင်ငံအတွင်းရှိ စီမံကိန်းမှဝန်ထမ်းများ ဘေးကင်းလုံခြုံမှု မထိခိုက်စေရန် ကတိပြုခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကလည်း ထုတ်ပြန်ထားသလို မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ခဲ့သော နေရာများအား လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်မပစ်ရန် သဘောတူခဲ့ရသည်ဟု ယမန်နေ့တွင် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲက ထုတ်ပြန်သည့် “Haigeng Agreement” ဟိုင်ဂင်သဘောတူညီမှု ဆွေးနွေးပွဲ၏ နောက်ဆက်တွဲရလဒ်ရ အသေးစိတ်ထုတ်ပြန်ဖော်ပြမှုတွင် ဖော်ပြထားသည်။

ပုံစာ – တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများရှိ ကုန်ကားများ မီးလောင်ခဲ့မှုကို တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *