October 19, 2024

၁၃. ၁. ၂၀၂၄

Translated by Htwe Ko Tun

အမေရိကန်တပ်ဖွဲ့များက ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်တို့ တည်ရှိစခန်းချရာ နေရာများကို ထပ်မံ တိုက် ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၂ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဗြိတိန်တို့က ဟူသီသူပုန်တို့တည်ရှိရာ ပစ်မှတ် ၂၈ နေရာကို ဇန်နဝါရီ ၁၁ ရက်ညကပင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ဇန်နဝါရီ ၁၂ ရက်တွင်ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ၌ ရေဒါအဆောက်အအုံတစ်ခုလည်းပါဝင်ကြောင်း သိရသည်။

ဟူသီသူပုန်များကလည်း ဇန်နဝါရီ ၁၂ ရက်အစောပိုင်းတွင် ကူးသန်းရောင်းဝယ်ရေးသင်္ဘောတစ်စီးအားတိုက်ချင်းပစ်ဒုံးပျံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့သည်။ ဟူသီစစ်သွေးကြွတို့က အမေရိကန်နှင့် ဗြိတိန်၏ ယီမင်နိုင်ငံအတွင်း ၎င်းတို့တည်ရှိရာနေရာများကို လေကြောင်းမှ တိုက်ခိုက်လာမှုများအပေါ် ဆက်လက်သည်းခံမည်မဟုတ်ဘဲ တုံ့ပြန်တိုက်ခိုက်ရလိမ့်မည်ဟု ပြန်လည်သတိပေးခဲ့ကြသည်။

ကမ္ဘာ့ခေါင်းဆောင်အများအပြားက အရှေ့အလယ်ပိုင်းဒေသအတွင်း ဂါဇာဒေသမှ အစ္စရေး-ဟားမားစ်စစ်ပွဲတွင် အီရန်ကထောက်ခံမှုပြုထားသည့် ဟူသီနှင့် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာတို့်လည်းပါဝင်ကာ ဒေသတွင်း ပဋိပက္ခတစ်ခုအသွင်သို့ အရှိန်မြင့်မလာစေရန် ကြိုးပမ်းနေကြသော်လည်း ယခုအခါ တင်းမာမှုအခြေအနေများက ကူးစက်ပျံ့နှံ့လာနေရပြီဖြစ်သည်။ အ‌မေရိကန်ဘက်ကလည်း ၎င်း၏ ဟူသီတို့အားလေကြောင်းတိုက်ခိုက်မှုများက ပင်လယ်နီဒေသတွင် ကူးသန်းရောင်းဝယ်ရေးသင်္ဘောများအား တိုက်ခိုက်မှုများအပေါ် တုံ့ပြန်ခြင်းဟု ပြောခဲ့သည်။

သို့ရာတွင် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများအပြီးတွင်လည်း ဟူသီတို့က ယီမင် တောင်ပိုင်း၊ အေဒင်ပင်လယ်ကွေ့အတွင်း သင်္ဘောတစ်စီးအား တိုက်ချင်းပစ်ဒုံးပျံဖြင့် ပြန်လည်တိုက်ခိုက်လာသည်ကို တွေ့ရသည်။ ထို့ပြင် ၎င်းတို့က အမေရိကန်နှင့် ဗြိတိန်တို့၏ ပိုင်ဆိုင်မှုများအားလုံးကိုလည်း တရားဝင်ပစ်မှတ်များအဖြစ်သတ်မှတ်၍ တိုက်ခိုက်သွားရန် သန္နိဌာန်ချထားကြောင်း ပြောခဲ့ကြသည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *