October 19, 2024

၁၃. ၁. ၂၀၂၄
Written by Nay Moe

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ နောင်နန်း ၄ ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲမှာ ကျောင်းတက်နေတဲ့ ၁၆ နှစ်အရွယ် ၈ တန်းကျောင်းသူတစ်ဦးကို နောင်နန်းကျောင်းအုပ် ဦးရဲနိုင်ဆိုသူက အဓ္မပြုကျင့်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Manau Voice က ဇန်နဝါရီ ၁၁ ရက်မှာ ရေးသားဖော်ပြလာပြီး ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ကာယကံရှင်ဦးရဲနိုင်ကို MT News သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာတော့ ဦးရဲနိုင်က ဒီသတင်းမှားနေသလို ထွက်ပြေးနေတာလည်း မရှိဘဲ လက်ရှိမှာလည်း နောင်နန်း ၄ ကျောင်းမှာပဲ တာဝန်ထမ်းဆောင်နေတယ်လို့ ဇန်နဝါရီ ၁၃ ရက် မနက်မှာ ဖြေဆိုလာပါတယ်။

“မုဒိမ်းကျင့်တယ် ဆိုတာ မှားယွင်းတဲ့ သတင်းသာ ဖြစ်ပါတယ်။ ထွက်ပြေးနေခြင်းလည်း မရှိပါ။ လက်ရှိကျောင်းမှာ တာဝန်ထမ်းဆောင်နေပါတယ်” လို့ ဦးရဲနိုင်က ဖြေဆိုပါတယ်။

Manau Voice Page ဟာ နောင်နန်းကျောင်းအုပ်ဦးရဲနိုင်ရဲ့မျက်နှာကို ဖော်ပြပြီး ကျောင်းသူကိုအဓမ္မပြုကျင့်တယ်လို့ စွပ်စွဲရေးသားခဲ့တဲ့အပြင် အဓမ္မကျင့်ခံရတဲ့ ကျောင်းသူရဲ့အုပ်ထိန်းသူ၊ ရပ်မိရပ်ဖတွေနဲ့ ညှိနှိုင်းပြီး ကျပ်သိန်း ၃၀၀ လျော်ကြေးနဲ့ ညှိနှိုင်းခဲ့ပေမဲ့ ဦးရဲနိုင်က သိန်း ၃၀၀ လျော်မပေးဘဲ အဖမ်းခံမယ်​ပြောပြီး ထွက်ပြေးခဲ့တာကြောင့် ဇနီးဖြစ်သူက သိန်း ၃၀ နဲ့ ညှိနှိုင်းကျေအေးခဲ့ရတယ်လို့ Manau Voice က စွပ်စွဲရေးသားခဲ့ပါတယ်။

ဆရာဦးရဲနိုင်ဟာ CDM မလုပ်ခဲ့တဲ့ ကျောင်းအုပ်တစ်ယောက်မို့လို့ တိုက်ခိုက်မှုတွေရှိနေတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိသလို Manau Voice ရဲ့ Page အောက်မှာလည်း နောင်နန်း ၄ ကျောင်းမှာ လက်ရှိတက်ရောက်ပညာသင်ယူနေတဲ့ကျောင်းသူတစ်ဦးက သတင်းမှားဖြစ်ကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။

MT News သတင်းဌာနက ဆရာဦးရဲနိုင် အမှန်တကယ်တာဝန်ဆက်လက်ထမ်းဆောင်နေမှုရှိမရှိ မေးမြန်းရာမှာတော့ ဆရာ ဦးရဲနိုင်က ဇန်နဝါရီ ၁၂ ရက်မှာ နောင်နန်း ၄ အခြေခံပညာအလယ်တန်းကျောင်းခွဲရဲ့ စုံညီပွဲတော်မှာ အမှာစကားပြောနေတဲ့ပုံ ပေးပို့လာပြီး အဲဒီစုံညီပွဲတော်ပုံတွေကိုလည်း သူ့ရဲ့ ဦးရဲနိုင် အမည်နဲ့သုံးစွဲတဲ့ Facebook မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ သတင်းမှားရေးတဲ့ Manau Voice ကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့လည်း ဆရာဦးရဲနိုင်က ဆက်လက်ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲ ဦးတိုက်လျှောက်ဖို့လည်း ပြင်ဆင်နေပါတယ်”လို့ ဆရာဦးရဲနိုင်က ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *