October 19, 2024

၁၂ .၁ .၂၀၂၄
Written by Hey Mar

၂၂ ဘီး တွဲကားက ယာဥ်နောက်ဆုတ်ရာကနေ သူ့အနောက်မှာရပ်ထားတဲ့ Canter ၁၄ ပေ ကားကို တိုက်မိရာက Canter ကားအောက်မှာ အိပ်နေတဲ့သူကြိတ်မိသေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၁၃ ရက် မနက် ၅ နာရီကျော်က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင်ကျေးရွာအနီး OK စက်သုံးဆီဆိုင်ရဲ့ ကားရပ်နားဝင်းအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီ့နေရာမှာ တွဲကားတွေ ကုန်တင်ကားတွေ ညအိပ်ရပ်နားလေ့ရှိတယ်လို့ သိရပါတယ်။ မနက်အစော ကား ထွက်ဖို့အတွက် အနောက်ကိုဆုတ်ပြီး ကားရွှေ့ရာက အခုလို မတော်တဆဖြစ်ပွားတာလို့ ရင်ခုန်သံရှင်သန်ရေးလူမှုကူညီရေးအသင်း (အုတ်တွင်း)မှ တာဝန်ရှိသူထံက သိရပါတယ်။

အဆိုပါ ယာဥ်မတော်တဆမှုကြောင့် Canter ၁၄ ပေကားအောက်မှာ အိပ်နေတဲ့ ကိုရဲအောင် (နေပြည်တော်နေသူ) ဦးခေါင်းကြိတ်မိကွယ်လွန်ခဲ့တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ လုပ်ငန်းစဥ်တွေအပြီးမှာ ရုပ်အလောင်းကို ရင်ခုန်သံရှင်သန်ရေးလူမှုကူညီရေးအသင်းယာဥ်နဲ့ အုတ်တွင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရင်ခုန်သံရှင်သန်ရေး (အုတ်တွင်း)

Leave a Reply

Your email address will not be published. Required fields are marked *