October 19, 2024

၁၂. ၁. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်မှာ USDP ပါတီဝင်လို့ဆိုတဲ့ မိသားစုဝင် ၃ ဦးကို ငါန်းဇွန် PDF တွေက သတ်ဖြတ်ပြီး အဲဒီ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းကိုသယ်ဆောင်ပေးတဲ့ လူမှုကူညီရေးအသင်းယာဥ်ကိုပါ ထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့​မှု မနေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်ဟာ ဇန်နဝါရီ ၁၁ ရက်​၊ မွန်းလွဲ ၁၂ နာရီအချိန်ခန့်မှာ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာ​နေ ဦးအောင်ရင်ရဲ့ နေအိမ်ကို ငါန်းဇွန် PDF ၆ ဦးက ဆိုင်ကယ် ၃ စီးနဲ့ ဝင်ရောက်လာပြီး ဦးအောင်ရင် (၇၀) နှစ်၊ ဇနီးဖြစ်သူ ဒေါ်ခင်စန်းရင် (၆၃) နှစ်နဲ့ သားဖြစ်သူ ဦးအေးငြိမ်းလင်း (၄၂) နှစ် တို့ကို သေနတ်နဲ့ ပစ်ခတ်၊ ဓားနဲ့ထိုးပြီး ရက်ရက်စက်စက် သတ်ဖြတ်အပြီး​မှာ ဆင်ဖြူကုန်းကျေးရွာရဲ့ အနောက်မြောက်ဘက်ကို ပြန်လည်ထွက်ပြေးသွားခဲ့တာပါ။

ငါန်းဇွန် PDF တွေ သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ မိသားစုဝင် ၃ ဦးရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာက စစ်ဆေးဖို့ ဓမ္မမာမက လူမှုကူညီ​ရေးအသင်း သူနာတင်ယာဉ်နဲ့ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာတိုက်နယ်ဆေးရုံကို ပို့ဆောင်ဖို့ ထွက်ခွာလာချိန် လမ်းခုလတ်မှာပဲ ငါန်းဇွန် PDF အဖွဲ့က သူတို့သတ်ခဲ့တဲ့ USDP ပါတီဝင် မိသားစုသုံးဦးအလောင်းတွေတင်လာတဲ့ယာဥ်ကို လမ်းရဲ့ယာဘက်ခြမ်းကနေ လက်လုပ်မိုင်း ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့​တာကြောင့် လူ ထိခိုက်ဒဏ်ရာရရှိမှုမရှိပေမဲ့ ဓမ္မမာမက သူနာတင်ယာဉ် ယာဘက်ခြမ်း လေကာမှန် ၃ ချပ်ကွဲခဲ့ရသလို ယာဉ်ရဲ့ယာဘက်ခြမ်းကိုယ်ထည်လည်း ပေါက်ပြဲပျက်စီးခဲ့​တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ငါန်းဇွန် PDF တွေက လူမှုကူညီရေး သူနာတင်ယာဥ်ပါမချန် မိုင်းခွဲမှုနဲ့ပတ်သက်ပြီး Ngazun People Defence Force အဖွဲ့ကတော့ ငါန်းဇွန်မြို့နယ် ပေါက်တောကျေးရွာနဲ့ ကုန်းလည်ကျေးရွာကြား ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၂ နာရီ ၁၃ မိနစ်အချိန်မှာ ငါန်းမြာကြီး စခန်းက နယ်ထိမ်း (ဗိုလ်အောင်သူရ)မောင်းနှင်လာပြီး လခရတွေ လိုက်ပါလာတဲ့ နာရေးကားတစ်စီးနဲ့ဆိုင်ကယ်နှစ်စီးကို မိုင်း ၆ လုံးခွဲ တိုက်ခိုက်ခဲ့တယ် ဖော်ပြထားပါတယ်။

အဲဒီ နာရေးကားတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပကဖ၊ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Eagle Defence Force – MMU နဲ့ ငါန်းဇွန်ပကဖ အဖွဲ့ဝင် ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့ တပ်ရင်း(၆) တို့ပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *