October 19, 2024

မြန်မာနိုင်ငံအခြေအနေ တည်ငြိမ်မှုမရှိဖြစ်နေရသော်လည်း တရုတ်အစိုးရ အနေဖြင့် SAC အစိုးရအားထောက်ခံမှုလျှော့ချ၍ ဆန့်ကျင်ဘက်အင်အားစုများဘက်သို့ ပြောင်းလဲရပ်တည်ရန် လမ်းမမြင်သေး

၁၂. ၁. ၂၀၂၄
Translated by Htwe Ko Tun

(South China Morning Most က ဖော်ပြထားသော “Myanmar conflict: China unlikely to ‘pull the carpet’ on junta and accept resistance group’s olive branch”ကို ဆီလျော်သလို ပြန်ဆိုဖော်ပြအပ်ပါသည်)

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေက ကောင်းစွာမတည်ငြိမ်သေးတဲ့အချိန် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း စတင်လာခဲ့တဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တချို့ရဲ့ ဆူပူပုန်ကန်လာမှုတွေကြောင့် ပြည်သူတွေကြားထိတ်လန့်မှုတွေ ဖြစ်ခဲ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူမျိုးစုအဖွဲ့သုံးခုနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ PDF တပ်ဖွဲ့တွေ တစ်ပြိုင်တည်း အစိုးရအပေါ်ပုန်ကန်မှုတွေကို အရှိန်အဟုန်မြင့်မလာစေဖို့နဲ့ ပုန်ကန်မှုနယ်မြေ ကျယ်ပြန့်မလာစေဖို့ မြန်မာ့တပ်မတော်အနေနဲ့ ၂၀၂၄ ခုနှစ်ရောက်လာတဲ့အထိ ကြိုးစားတိုက်ခိုက်နေရတုန်းပါ။

မတည်မငြိမ်မှုများဖြစ်ပွားရာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြတ်သန်းရာ၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များတည်ရှိရာ လမ်းကြောင်းဖြစ်ရုံမက၊ တရုတ်နိုင်ငံအတွက် အရေးကြီးလှတဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင် ရွက်ရေးစီမံချက်(BRI)ရဲ့ မြန်မာနိုင်ငံအတွင်း အဓိကကျတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှ ရေနံ၊ ဓာတ်ငွေ့ပိုက်လိုင်းများဖြတ်သန်းရာနယ်မြေလည်းဖြစ်ပါတယ်။

ဒီလိုပြည်တွင်းတိုက်ခိုက်မှုတွေ ဖြစ်နေချိန်မှာပဲ မြန်မာနိုင်ငံရဲ့ ပြည်ပရောက် NUG အစိုးရက ဇန်နဝါရီလ ပထမပတ်အတွင်းမှာပဲ သူတို့အနေနဲ့ မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုတွေကနေ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနှိမ်နင်းရေးကဏ္ဍထိ တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်သွားလိုတဲ့ အချက် ၁၀ ချက်ပါသဘောထားကို တရုတ်အစိုးရဆီ တင်ပြ ပြောဆိုလာတာကို ကြားလိုက်ရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံတွင်း ပဋိပက္ခကြောင့်တရုတ်အစိုးရအနေနဲ့လည်း သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက် စိုးရိမ်နေရချိန်မှာ အားကိုးရာကောင်းကောင်းမရှိတဲ့ NUG ကလည်း အခွင့်အခါကောင်းကို လက်မလွတ်စေဘဲ ကြိုးပမ်းမှုလို့ ဆိုရမှာပါ။

နိုင်ငံရေးအကဲဖြတ်တချို့ကတော့ NUG ရဲ့ တရုတ်နိုင်ငံမှထောက်ခံမှုတွေရရှိပြီး လက်ရှိ နစကအစိုးရကို ဖြုတ်ချနိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်တဲ့ခြေလှမ်းက မြန်မာနိုင်ငံအတွင်း တရုတ်အကျိုးစီးပွားတွေကို မြန်မာ့တပ်မတော်အနေနဲ့ ကောင်းစွာ ကာကွယ်မပေးနိုင်မှုအပေါ် အမြတ်ထုတ်ဖို့ကြိုးစားတာပဲလို့ ဆိုခဲ့ကြပါတယ်။ ဩစတြေးလျနိုင်ငံ၊ Curtin တက္ကသိုလ်က လက်ထောက်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဒေါ်ထွေးထွေးသိန်းဆိုသူကတော့ “မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအခြေအနေတည်ငြိမ်ဖို့ ကြိုးပမ်းရာမှာ အခက်အခဲတွေ တွေ့နေရချိန်မှာပဲ အချိန်ကိုက် NUG က ဝင်ရောက်လှုပ်ရှားတာပါ”လို့ ဆိုခဲ့ပါတယ်။

သို့သော်ငြားလည်း NUG က သူ့ကိုယ်သူ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအတွက် အားကိုးအားထားပြုရတဲ့ စီးပွားဖက်ရယ်လို့ အသံကောင်းဟစ်နေပေမယ့် တရုတ်အစိုးရဘက်ကတော့ NUG ရဲ့ကမ်းလှမ်းချက်ကို အလေးထားတုံ့ပြန်မှုတစ်စုံတစ်ရာမတွေ့ရပါဘူးလို့ နိုင်ငံရေးအကဲဖြတ်တွေကပြောခဲ့ကြပါတယ်။ NUG ဘက်ကတော့ ဒီအချိန်မှာပဲ သူ့အနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုသာထောက်ခံမှာဖြစ်ပြီး တရုတ်တိုင်ပေ အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ထာဝရပိုင်ဆိုင်တဲ န့ယ်မြေတစ်ခုလို့ပါ ပြောလာပြန်ပါတယ်။

တစ်ခါ NUG ရဲ့ ကြေညာချက်မှာတော့တရုတ်အစိုးရအနေနဲ့ မြန်မာ SAC အစိုးရနဲ့ အဓိပ္ပါယ်မရှိဆွေးနွေးမှုတွေကို စွန့်လွှတ်သင့်ပြီလို့ တောင်းဆိုထားပါသေးတယ်။ အချို့ကလည်း ခုလိုအချိန်မှာ တရုတ်အစိုးရအနေနဲ့ NUG ကို ပိုလို့ အလေးထားဆက်ဆံမှုတွေ ပြုကောင်းပြုလာနိုင်မလားထင်ကြပါတယ်။ သို့သော် ဩစတြေးလျအမျိုးသားတက္ကသိုလ်မှ အရှေ့တောင်အာရှဒေသလေ့လာသူ မားစတုန်းကတော့ တရုတ်အစိုးရအနေနဲ့ အလွန်ဆုံး NUG ကို ဆက်ဆံပြောကြားမှုတွေရှိလာခဲ့ရင်တောင် သူ့အနေနဲ့ လက်ရှိမြန်မာအစိုးရကိုပဲ ဆက်လက်ထောက်ခံသွားမှာသေချာတယ်လို့ သုံးသပ်ခဲ့ပါတယ်။

မကြာသေးခင်ရက်များက တရုတ်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ်မှာပဲ မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံကာ နယ်စပ်တည်ငြိမ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးတွေကိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးဝန်ကြီး ဝန်ချိဟွန်ကလည်း မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဇန်နဝါရီလ ၅ ရက်က အွန်လိုင်းမှတွေ့ဆုံဆွေးနွေးကာ နှစ်ဖက်တူညီတဲ့စိုးရိမ်မှုတွေကို တင်ပြဆွေးနွေးခဲ့ကြပြန်ပါတယ်။

ဒီအခြေအနေတွေကိုကြည့်ပြန်ရင်လည်း တရုတ်အစိုးရဘက်က မြန်မာနိုင်ငံရဲ့ လက်ရှိအာဏာရ နစက တပ်မတော်အစိုးရကိုသာ အသိအမှတ်ပြုထောက်ခံဆဲဆိုတာ ပေါ်လွင်နေပြန်ပါတယ်။ ဒီမှာမြန်မာနိုင်ငံရဲ့ လက်ရှိ နစက တပ်မတော်အစိုးရကို ထောက်ခံမှုတွေမပြုကြပေမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အနေနဲ့လည်း မြန်မာ နစက အစိုးရသာ ပြိုကွဲပျက်စီးရင် သူတို့အတွက်ကြီးမားတဲ့အခက်အခဲတစ်ရပ်ဖြစ်လာနိုင်တာအမှန်ပါ။

ဒီမှာ အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေး Think Tank အဖွဲ့အတွက် မြန်မာပိုင်းဆိုင်ရာအစီအစဉ်ညွှန်ကြားရေးမှူး ဂျေဆန်တာဝါက “NUG အဖို့လည်း ကံမကောင်းဘူးဆိုရမှာပဲ။ တရုတ်အစိုးရက သူ့ဖက်က ကမ်းလှမ်းစည်းရုံးမှုကို အပြုသဘောမြင်လောက်တဲ့ တုံ့ပြန်မှု တစ်စုံတစ်ရာမလုပ်ခဲ့ဘူးဗျ” လို့ ဆိုသွားခဲ့တယ်လို့သိရပါတယ်။ သူကမြန်မာနိုင်ငံမှာရှိတဲ့ တရုတ်လုပ်ငန်းတွေအနေနဲ့ကလည်း SAC အစိုးရနဲ့ ပိုမိုအကျိုးစီးပွားဖြစ်တဲ့အပေးအယူတွေရှိမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကပဲ တရုတ်နိုင်ငံပိုင် Citic group ကုမ္ပဏီက ကျောက်ဖြူရေနက်စီမံကိန်းကို အကောင်အထည်ဖော်မှုစတင်နိုင်ဖို့ မြန်မာအစိုးရနဲ့ နောက်ဆက်တွဲသဘောတူညီချက်တစ်ရပ် ထပ်မံချုပ်ဆိုခဲ့ပါတယ်။ ဒီသဘောတူညီချက်က မြန်မာနိုင်ငံအတွင်း ပုန်ကန်မှုတွေဖြစ်နေချိန်မှာပဲ နှစ်ဖက်ရယူခဲ့တာကြောင့် နှစ်ဖက်အစိုးရကြား နီးကပ်စွာရှိနေဆဲဆိုတာ ပြသလိုက်တာလည်း ဖြစ်ခဲ့ပါတယ်။

အထက်ပါအချက်တွေကြောင့်လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုပိုမိုမြင့်မားနေချိန်မှာ လက်ရှိအစိုးရအစား သူ့ကိုဆက်ဆံထောက်ခံဖို့ အချိန်ကိုက်ကြိုးစားခဲ့တဲ့ NUG ရဲ့ တရုတ်အစိုးရထံ ကမ်းလှမ်းချက်က မအောင်မမြင်ဖြစ်ရတယ်လို့ပဲ သုံးသပ်ရတော့မှာပါ။

Ref; SCMP

Leave a Reply

Your email address will not be published. Required fields are marked *