၁၂. ၁. ၂၀၂၃
Written by Nyein Kyaw
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့အကြား ယာယီအပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရခဲ့ကြောင်းနှင့် အပစ်အခတ်ရပ်စဲမှုခိုင်မာရေးကိုပါ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ယနေ့တွင် အတည်ပြုပြောကြားသည်။
“ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ ဒီ မြောက်ပိုင်း ၃ ဖွဲ့နဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးညှိနှိုင်းမှု ဆွေးနွေးရေးအဖွဲ့နဲ့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှာ ယာယီအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်လက်ပြီး ဆွေးနွေးသွားဖို့လည်းရှိပါတယ်။ ဆက်လက်ဆွေးနွေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ပထမအကြိမ်ဆွေးနွေးပွဲတွင် သဘောတူညီချက် မူကြမ်းထွက်ပေါ်ခဲ့ခြင်းဖြစ်သော်လည်း မြောက်ပိုင်း လက်နက် ကိုင် (၃) ဖွဲ့ဘက်က ဆက်လက်တိုက်ခိုက်ပြီး မြို့များထပ်သိမ်းခဲ့ခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ရပြီး ယခုအကြိမ် ဆွေးနွေးမှုတွင် သဘောတူညီချက်ကို ဇန်နဝါရီ ၁၁ ရက်ည ကူမင်းစံတော်ချိန် ည ၁၀ နာရီတွင် လက်မှတ်ထိုးခဲ့သည်ဟု သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ MNDAA အဖွဲ့မှ ၅ ဦး၊ ULA/AA အဖွဲ့မှ ၇ ဦး၊ PSLF/TNLA အဖွဲ့မှ ၇ ဦးနှင့် MNSPC ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ပြီး တရုတ်နိုင်ငံဘက်မှလည်း အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်းဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အပစ်အခတ်ယာယီရပ်စဲရေးမှ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးအထိ ဆက်လက်ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်သည့်အပြင် မြန်မာ-တရုတ် ကုန်သွယ် ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာဖို့အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြီးရင် နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။