October 19, 2024

၁၂. ၁. ၂၀၂၄
Written by Pan Ei

မကြာသေးမီက ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ တေလာဆွစ်ဟာ သူမရဲ့ ပထမဆုံးရွှေကမ္ဘာလုံးဆုကိုရရှိဖို့ လွဲချော်ခဲ့ပေမဲ့ သူမရဲ့ The Eras Tour ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်အကြောင်း မှတ်တမ်းရုပ်ရှင်ကတော့ ဝင်ငွေအကောင်းဆုံးဂီတဖျော်ဖြေပွဲရုပ်ရှင်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

The Hollywood Reporter ရဲ့ အဆိုအရ ပြသချိန် သုံးနာရီကြာမြင်တဲ့ ဖျော်ဖြေပွဲရုပ်ရှင် “Eras Tour” ဟာ မကြာသေးမီက တရုတ်မှာ ရုံတင်ပြသခဲ့ပြီးနောက် နံပါတ် ၁ နေရာကိုရောက်အောင် တွန်းပို့ကူညီပေးခဲ့တာဖြစ်ပြီး တရုတ်မှာပြသတဲ့ ပွဲဦးထွက်ရက်မှာပဲ ဝင်ငွေဒေါ်လာ ၈ ဒသမ ၇ သန်းအထိ ရရှိခဲ့တာကြောင့် “Eras Tour” ရုပ်ရှင်ဟာ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၆ သန်းကို ကျော်လွန်ခဲ့ပြီး အရင်ကစံချိန်တင်ထားတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ၂၀၀၉ ခုနှစ်က ဖျော်ဖြေပွဲရုပ်ရှင် “This Is It”ရဲ့ ကမ္ဘာ့စံချိန်တင်ဝင်ငွေ ဒေါ်လာ ၂၆၁ ဒသမ ၂ သန်းကို ကျော်လွန်ခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး ကမ္ဘာ့နိုင်ငံအများအပြားမှာ စတင်ရုံတင်ခဲ့တဲ့ “Eras Tour” ရုပ်ရှင်ဟာ ပွဲဦးထွက်အပတ်မှာ ဝင်ငွေအနေနဲ့ မြောက်အမေရိကမှာ ဒေါ်လာ ၉၂ ဒသမ ၈ သန်းနဲ့ နိုင်ငံတကာမှာ ဒေါ်လာ ၃၀ ဒသမ ၇ သန်း ရရှိခဲ့ကာ စုစုပေါင်း အမေရိကန်​ဒေါ်လာ ၁၂၃ ဒသမ ၅ သန်းရရှိခဲ့ပြီး အရင်ကပွဲဦးထွက်ဝင်ငွေအများဆုံးဖျော်ဖြေပွဲရုပ်ရှင်အဖြစ် စံချိန်တင်ထားတဲ့ အဆိုတော် ဂျက်စတင်ဘီဘာရဲ့ ဖျော်ဖြေပွဲရုပ်ရှင် “Never Say Never” ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါသေးတယ်။

ဒါ့အပြင် တေလာဆွစ်ရဲ့ ဖော်ဖြေပွဲရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ရဲ့ အကောင်းဆုံး ဇာတ်ကား ၂၀ ထဲမှာ ပါဝင်ခဲ့သလို ရုံတင်ငွေ ဒေါ်လာ သန်း ၂၅၀ ကျော်ရရှိခဲ့တယ်လို့လည်း ရုပ်ရှင်တရားဝင် ဖြန့်ချိသူ AMC Theatres က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြောကြားခဲ့ပါသေးတယ်။

အခုချိန်မှာ ရပ်နားထားတဲ့ တေလာဆွစ်ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ် The Eras Tour ကို ဖေဖော်ဝါရီလ ၇ ရက် ဂျပန်နိုင်ငံမှာ ပထမဆုံး ပြန်လည်စတင်မှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သြစတြေးလျနဲ့ စင်ကာပူမှာ ဆက်လက် ဖျော်ဖြေသွားဦးမှာ ဖြစ်ပါတယ်။

Ref; Billboard

Leave a Reply

Your email address will not be published. Required fields are marked *