MT News
၁၁. ၁. ၂၀၂၄
မင်္ဂလာဒုံရဲစခန်းကို မြောက်ဥက္ကလာပကဖ မိုင်းသုံးလုံးခွဲ တိုက်ခိုက်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်(ပကဖ)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့ည ၇ နာရီ ၅ မိနစ်တွင် မဂ်လာဒုံမြို့မရဲစခန်းအား မြောက်ဥက္ကလာပမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ -၂ (တပ်ခွဲ၂) မှ အားပြင်းသောမိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မသိရကြောင်းနှင့် မြောက်ဥက္ကလာပကဖအဖွဲ့ဝင် PDF များ ဘေးကင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြောက်ဦးမြို့တွင် အရပ်သား ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပ-စ်သ-ဟု သတင်းတုများဖြန့်ဝေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဇန်နဝါရီ ၉ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားသည့် အရပ်သား ၃ ဦးကို ပ-စ်သ-ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်ဟု သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရာတွင် ချမှတ်ထားသည့် စစ်ပွဲဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကာ စစ်ရေးရည်မှန်းချက်များကိုသာ တိုက်ခိုက်ပြီး အရပ်သားပြည်သူများကို လူ့အခွင့်အရေးများနှင့်အညီ ကာကွယ်စောင့်ရှောက်လျက်ရှိသည်ဟု သိရသည်။
ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားသည့် MNDAA အပါအဝင် လက်နက်ကိုင်များအား ရှုတ်ချပွဲ လားရှိုးမြို့၌ကျင်းပ
ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန်လုပ်ဆောင်နေမှုများ၊ ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် MNDAA အပါအဝင် လက်နက်ကိုင်များအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းက လားရှိုးမြို့၊ လွတ်လပ်ရေးပန်းခြံ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲတွင် လားရှိုးပြည်သူများက “ဘာသာအကျိုး ဒို့သယ်ပိုး မိစ္ဆာဟူသမျှ ရှင်းလင်းကြ”၊ “ပြည်ပဩဇာခံ ပြည်ဖျက်မိစ္ဆာများ အလိုမရှိ”၊ “ပြည်သူတွေရဲ့အသက်ကိုရောင်း ဒေါ်လာတောင်းစားနေသည့် ခွေးဝဲစားပြည်ဖျက်မိစ္ဆာများ အလိုမရှိ”၊ “လူမျိုးရေးခွဲခြား၊ သာသနာကို စော်ကား ဖျက်ဆီးနေသူများအား ဆန့်ကျင်ကြ”၊ “လမ်းတံတားများကို ဖျက်ဆီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာများ အလိုမရှိ”၊ “သာသနာကိုဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး ဒို့အရေး”၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်ဆီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ”၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ ကျဆုံးပါစေ” စသည့် ကြွေးကြော်မှုများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။
ဆောက်ချုံပေါက်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့သဖြင့် နေအိမ် ၁၀ လုံးကျော်မီးလောင်ခဲ့ကြောင်း သတင်းအမှားများ ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၉ ရက်တွင် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီး၍ နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း Exile မီဒီယာများက သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၉ ရက်နေ့တွင် ဆောက်ချုံပေါက်ကျေးရွာနှင့် အနီးဝန်းကျင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ခြင်းမရှိသလို နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းများလည်းမရှိကြောင်း၊ ကောလာဟလ သတင်းအမှားများသာဖြစ်ကြောင်း သိရှိရသည်။
ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာ အခြေပြု လုံခြုံရေးစခန်းအချို့ကို PDF တိုက်ခိုက်သိမ်းယူ
အမှတ် (၁) စစ်ဒေသ၊ ကန့်ဘလူခရိုင်ကွပ်ကဲရေးဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာတွင် အခြေပြုထားသော စစ်စခန်းအချို့ကို ကန့်ဘလူခရိုင်/မြို့နယ်/ရပ်ကျေး ပကဖများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု NUG ၏ MOD က ထုတ်ပြန်သည်။ အဆိုပါ စခန်းသိမ်းပွဲမှ ကာဘိုင် (၈) လက်၊ G-3 (၁) လက်၊ Shoot Gun (၅) လက်အပါအဝင် ကျည်နှင့်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး လခရ ၂၅ ဦးသေဆုံးသည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။
မြိတ်မြို့ရှိ ရပ်ကွက်အချို့၌ လုံခြုံရေးအတွက် နေ့စားခေါ်ယူနေဆိုသည့် သတင်းအမှားများ လုပ်ကြံဖော်ပြနေ
တနင်္သာရီတိုင်းဒေသကြီး၊ မြိုတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စုနှင့် ရေပုန်းကျေးရွာအုပ်စုတို့ရှိ ရပ်ကွက်များတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ လုံခြုံရေးဆောင်ရွက်ရန် အရပ် သားများကို နေ့စားစနစ်ဖြင့် တပ်မတော်မှခေါ်ယူနေကြောင်း ကောလာဟလသတင်းအမှားများကို Exile မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးဆောင်ရွက်ရန်အတွက် အရပ်သားများကို နေ့စားစနစ်ဖြင့် ခေါ်ယူခြင်းမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ကောလာဟလ သတင်းအမှားများကို မသမာသူများက ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရသည်။