MT News
၁၂. ၁. ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီးတွင်၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ခန့်မှန်းလူဦးရေစာရင်းအပေါ်မူတည်၍ ကောက်ကွက် ၁၈၀၀၀ ကျော် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ လူဦးရေစာရင်းဇယားများကို အတည်ပြု ထုတ်ပြန်နိုင်ဖို့နှင့် ပိုမိုတိကျမှန်ကန်သော အနာဂတ်လူဦးရေနှင့် လူမှုစီးပွားအချက်အလက်များကို ခန့်မှန်းနိုင်ရန် ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူသွားမည်ဖြစ်ပြီး ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅) ရက်နေ့ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်သည်။
ထို့ကြောင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းလုပ်ငန်းကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းများ ပါဝင်သည့် လုပ်ငန်းစဉ်(၄)ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ရန်ကုန်တိုင်း ဒေသကြီးအနေဖြင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများအနေဖြင့် အခြေခံဒေသစာရင်းပြုစုခြင်း၊ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ GIS နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းတို့ကို ဆောင်ရွက်ပြီး ဖြစ်သည်။
အလားတူ သန်းခေါင်စာရင်း သင်တန်းနည်းပြများ ခန့်အပ် တာဝန်ပေးအပ်နိုင်ရေးနှင့် စာရင်းစစ်/ စာရင်းကောက်များ တာဝန်ပေးအပ်နိုင်ရေးအတွက် ဗဟိုအဆင့် နည်းပြသင်တန်း၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း၊ ခရိုင်အဆင့် နည်းပြသင်တန်းနှင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းမှာ ၂ဝ၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေအပေါ် အခြေခံ၍ ကောက်ကွက် စုစုပေါင်း (၁၈,၁၃၂) ကွက်အတွက် စာရင်းစစ် (၁,၄၈၇) ဦး၊ စာရင်းကောက် (၅,၄၃၆) ဦး၊ ပေါင်း (၆,၉၂၃) ဦး ခန့်မှန်း တွက်ချက်ထားရှိကာ လိုအပ်သည့် စာရင်းစစ်/ စာရင်းကောက်များအတွက် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း ဦးစိုးသိန်းက ပြောကြားသည်။