October 19, 2024

၁၂. ၁. ၂၀၂၄
Translated by Htwe Ko Tun

အီရန်က ထောက်ပံ့မှုပြုထားသော ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို အမေရိကန်နှင့် ဗြိတိန်တို့က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းနှင့် ဟူသီသူပုန်တို့က ပင်လယ်နီဒေသတွင် သင်္ဘောများကိုတိုက်ခိုက်ခြင်းအား အီရန်က ထပ်မံကူညီနေလျှင် ဆက်လက်၍ တိုက်ခိုက်မှုများ ပြုလုပ်သွားရလိမ့်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့သည်။

အမေရိကန်တပ်ဖွဲ့များက ဗြိတိန်တပ်ဖွဲ့များနှင့်အတူ ဩစတြေးလျ၊ ဘာရိန်း၊ နယ်သာလန်နှင့် ကနေဒါနိုင်ငံတို့၏ အထောက်အကူပြုမှုများကိုရယူလျက် ကမ္ဘာ့အဓိကရေကြောင်းသွားလာမှုလမ်းကြောင်းကို အန္တရာယ်ပြုနေသည့် ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်တို့၏ပစ်မှတ်များကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဟုလည်း သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုများက ပင်လယ်နီဒေသအတွင်း ဟူသီတို့ တိုက်ချင်းပစ်ဒုံးပျံများကို ပထမဆုံးအသုံးချကာ ရေကြောင်းသွားလာမှုများကို တိုက်ခိုက်နေခြင်းအား ပထမဆုံးတိုက်ရိုက်တုံ့ပြန်မှုလည်းဖြစ်သည်။ဟူသီတို့၏တိုက်ခိုက်မှုများက အမေရိကန်အမှုထမ်းများ၊အရပ်ဖက်သင်္ဘောသားများကို အသက်အန္တရာယ်ဖြစ်စေခဲ့ပြီး ကုန်သွယ်မှုလမ်းကြောင်းလည်းထိခိုက်ကာ လွတ် လပ်စွာ ပင်လယ်ရေကြောင်းသွားလာမှုကိုလည်း ခြိမ်း ခြောက်မှုပြုခဲ့သည်။ ဟူသီတို့၏တိုက်ခိုက်မှုများအတွင်း နိုင်ငံတကာကုန်သွယ်စီးပွား ရေကြောင်းသွားလာမှု၌ နိုင်ငံ ၅၀ ကျော်တို့၏ သင်္ဘောများကို ၂၇ ကြိမ်အထိတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။ ထို့အတူနိုင်ငံ ၂၀ ကျော်မှသင်္ဘောသားများက ဓားစာခံများအဖြစ် ဖမ်းဆီးခြင်းခံထားရကာ ပင်လယ်ကူးသင်္ဘော ၂၀၀၀ ကျော်မှာ ပင်လယ်နီဒေသကိုရှောင်ကွင်းလျက် မိုင်ပေါင်းထောင်ပေါင်းများစွာ ပို၍ လမ်းကြောင်းပြောင်းသွားလာနေကြရသဖြင့် ကုန်သွယ်ရေးနှောင့်နေးမှုများဖြစ်နေရသည်။

ထို့အတွက် အမေရိကန်သမ္မတဘိုင်ဒန်က အမေရိကန်ပြည်သူများနှင့် ကမ္ဘာ့ပင်လယ်ရေကြောင်းကူးသန်း ရောင်းဝယ်မှုကို ကာကွယ်ရန် ၎င်းအနေဖြင့် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း ကြေညာချက်တွင်ပြောကြားခဲ့သည်။

အမေရိကန်က ဒီဇင်ဘာလအတွင်းကပင် Operation Prosperity Guardian အမည်ရှိ စစ်ဆင်ရေးကို ဦးဆောင်ကာ နိုင်ငံ ၂၀ ကျော်စုပေါင်းလျက် ပင်လယ်နီဒေသအတွင်းရေကြောင်းသွားလာမှုလုံခြုံရေးနှင့် ဟူသီ တို့၏တိုက်ခိုက်မှုများကို တားဆီးရေးအတွက် စတင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဂျိုးဘိုင်ဒန်က ဟူသီတို့၏ ခြိမ်းခြောက်တိုက်ခိုက်မှုများကို နိုင်ငံ ၄၀ ကျော် လက်တွဲရှုတ်ချခဲ့ကြကြောင်း၊ လွန်ခဲ့သောရက်သတ္တပတ်အတွင်းကလည်း မဟာမိတ်နှင့်စီးပွားဖက် ၁၃ နိုင်ငံတို့က ဟူသီတို့အနေနှင့် တိုက်ခိုက်မှုများကို ရပ်ဆိုင်းမှုမပြုပါက နောက်ဆက်တွဲအကျိုးဆက်များကိုတွေ့ကြုံရလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့ကြသည်ဟု ကြေညာချက်တွင်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဟူသီတို့အနေနှင့် ပင်လယ်ရေကြောင်းသွား ကုန်သွယ်နှင့်ကူးသန်း ရောင်းဝယ်ရေး သင်္ဘောများကိုတိုက်ခိုက်နေမှုအားရပ်တန့်ရန် ဇန်နဝါရီ ၁၁ ရက်က ဆုံးဖြတ်ချက်ချခဲ့ကြသည်။

ဆက်လက်၍ သမ္မတဂျိုးဘိုင်ဒန်က ဤကဲ့သို့ မိမိတို့၏ ကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များက ဟူသီတို့၏ တိုက်ခိုက်မှုများဖြစ်ပွားလာအပြီးတွင် သံတမန်ရေးဆောင်ရွက်လှုပ်ရှားမှုများလည်း ပြုလုပ်အပြီး စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို ယီမင်ရှိ ဟူသီပစ်မှတ်များကိုလေကြောင်းတိုက်ခိုက်ခြင်းက အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်၊ စီးပွားဖက်နိုင်ငံများအနေနှင့် မိမိတို့ဝန်ထမ်းများကို တိုက်ခိုက်နေမှုများ၊ ပင်လယ်ရေကြောင်းသွားလာရေးလွတ်လပ်မှုကို အန္တရာယ်ပေးနေမှုများအား ဆက်လက်၍သည်းခံခွင့်လွှတ်တော့မည်မဟုတ်ဆိုသည်ကိုပြသခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင်ပြောကြားသွားခဲ့သည်။

Ref : ; WH.GOV, ndtv

Leave a Reply

Your email address will not be published. Required fields are marked *