October 19, 2024

၁၂. ၁. ၂၀၂၄
Written by Pan Ei

ဗုဒ္ဓဝင်စားတယ်လို့ ထောက်ခံသူတွေက ယုံကြည်ကြတဲ့ အငြင်းပွားဖွယ်ရာ ဘာသာရေးခေါင်းဆောင်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်နဲ့ နီပေါမှာ ဖမ်းဆီးလိုက်တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

‘Buddha Boy’ လို့ လူသိများတဲ့ ရမ်ဘဟာဒူးဘွမ်ဂျန် ဟာ အရွယ်မရောက်သေးသူတွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေရှိခဲ့တယ်လို့ သံသရှိတာကြောင့် သူဟာထွက်ပြေးတိမ်းရှောင်နေစဉ် အခုသီတင်းပတ်ထဲမှာတော့ ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ကတည်းက သူဟာ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူ၊ ဘာရာခရိုင်ရှိ သူ့ရဲ့ ၀တ်ကျောင်းတော်မှာ သီလရှင်အဖြစ် နေထိုင်နေတဲ့ အရွယ်မရောက်သေးသူ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။

သတင်းပေးချက်အရ အသက် ၃၄ နှစ်အရွယ် အမျိုးသားကို ခတ္တမန္ဒူမြို့စွန်ဘက်ကို ခြေရာခံရာက သူ ထွက်ပြေးဖို့ ကြိုးပမ်းနေချိန်မှာ ဖမ်းဆီးခဲ့မိတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပြီး လက်ကိုင်ဖုန်း တစ်ဒါဇင်ကျော်၊ လက်ပ်တော့နဲ့ တက်ဘလက်ငါးလုံး၊ နီပေါငွေ ၂၀၀,၀၀၀ ကျော်နဲ့ နိုင်ငံခြားငွေတို့ကို သူ့ရဲ့နေအိမ်မှာ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ရမ်ဘဟာဒူးဘွမ်ဂျန် ဟာ ဆယ်ကျော်သက်အရွယ်မှာ ရေနဲ့ အစားအစာတွေ သုံးဆောင်ဖို့ မလိုသလို အိပ်စရာလည်း မလိုဘဲ ရက်ပေါင်းများစွာကြာ တရားထိုင်နိုင်ကြောင်း နောက်လိုက်တွေက ပြောကြားပြီးနောက် “Buddha boy” လို့ လူသိများလာပြီး ၂၀၀၅ ခုနှစ်မှာတော့ နိုင်ငံတကာ သတင်းခေါင်းကြီးပိုင်းတွေမှာ ပါဝင်ခဲ့တာပါ။

အဲ့ဒီအချိန်က နီပေါအရှေ့တောင်ဘက်က သစ်တောထဲမှာ ထူထပ်တဲ့ သစ်ပင်အောက် တင်ပျဉ်ခွေထိုင်နေကာ တရားထိုင်နေတဲ့ သူ့ကိုတွေ့မြင်ဖို့ လာရောက်ကြတဲ့ နိုင်ငံတဝှမ်းကနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံက ခရီးသည် လူပေါင်း ၁ သိန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ရမ်ဘဟာဒူးဘွမ်ဂျန်ရဲ့ ၀တ်ကျောင်းတော်က ပျောက်နေတဲ့ နောက်လိုက်တွေနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းမှုတွေနဲ့ ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *