October 19, 2024

ပုံစာ- ဝါးတန်းကုန်စည်ဒိုင်ရှိ လက်ကားအရောင်းဆိုင်တစ်ခု၏ ဆန်သိုလှောင်ရုံတစ်ခုကို တွေ့ရစဉ် (Photo-Ye Kyaw)

မှတ်ပုံတင်ကြေး အများဆုံး ကျပ် ၁၅၀,၀၀၀ သာ ကုန်ကျမည်ဖြစ်၍ အမြန်ဆုံးဆောင်ရွက်ရန် သတိပေး

၁၂. ၁. ၂၀၂၄
Written by Ye Kyaw

ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ဈေးကစားမှုများ မဖြစ်ပေါ်စေရန် ဈေးဝယ်စင်တာများနှင့် လက်လီ/လက်ကား ဆန်အရောင်းဆိုင်များအတွက် သိုလှောင်ထားသည့် ဆန်သိုလှောင်ရုံများ မှတ်ပုံတင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယနေ့တွင် အသိပေးကြေညာထားသည်။

ဈေးဝယ်စင်တာ (Supermarket) များနှင့် လက်လီ လက်ကား ဆန်အရောင်းဆိုင်များတွင် ခင်းကျင်းရောင်းချမှုအတွက် သိုလှောင်မှုများကို စနစ်တကျရှိစေရန်၊ စီးပွားဖြစ် ရောင်းဝယ်ရန် အလို့ငှာ ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ထားရှိမှုများကို မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင် မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် အသိပေးကြေညာထားပြီးဖြစ်သည်။

ဈေးဝယ်စင်တာများတွင် ခင်းကျင်းပြသရောင်းချသော ဆန်အိတ်များ သိုလှောင်သည့် သိုလှောင်ရုံများမှတ်ပုံတင်နိုင်ရေးကို အထူးကြပ်မတ်ဆောင်ရွက်ပေးရန် စားသုံးသူရေးရာဦးစီးဌာနမှ ဇန်နဝါရီ ၃ ရက်တွင် စာဖြင့်ပေးပို့အကြောင်းကြားလာ၍ မြန်မာနိုင်ငံနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့တွင် ထပ်မံအသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဈေးဝယ်စင်တာအတွက် ရောင်းဖို့သီးသန့်သိုလှောင်ထားတာက တန်ချိန် ၅၀ အထက်ရှိနေရင် ဒါတွေလည်း မှတ်ပုံတင်ရမယ်။ ဈေးဝယ်စင်တာမှာ တင်ရောင်းတဲ့ဟာအတွက်တော့ မလိုဘူး။ တင်တာနောက်ကျရင်တော့ လောလောဆယ်တော့ အရေးယူဖို့ ဘာမှမပြောထားသေးဘူး။ အသိပေးတဲ့အခြေအနေပေါ့” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင် မှတ်ပုံတင်ရာတွင် လွယ်ကူမြန်ဆန်ရေးအတွက် စက်မှအလိုအလျောက် ဆန်သိုလှောင်ရုံ၏ အကျယ်အဝန်းနှင့် လိုအပ်သည့် အချက်အလက်များ ထည့်သွင်းလိုက်ပါက မှတ်ပုံတင်ကြေး ကျသင့်ငွေအား တစ်ခါတည်းတွက်ချက်ပေးပြီး မှတ်တင်ကြေးသည် တစ်နှစ်စာအတွက် အများဆုံး ကျပ် ၁၅၀,၀၀၀ သာ ကျသင့်မည်ဖြစ်၍ အမြန်ဆုံးလျှောက်ထားစေလိုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“MyRO Website ထဲကို ဝင်တင်လိုက်လို့ရပါတယ်။ သိုလှောင်ရုံအတိုင်းအတာကို ကြည့်ပြီးတော့ စက်ကသူဟာသူ အလိုအလျောက် သတ်မှတ်ပေးထားပါတယ်။ ကုမ္ပဏီအနေနဲ့ဆိုတစ်မျိုး၊ လူပုဂ္ဂိုလ်အနေနဲ့ဆို ဈေးနှုန်းက တစ်မျိုးပေါ့။ အကြီးစားဆိုမှ တစ်နှစ်လုံးမှ တစ်သိန်းခွဲပဲရှိတယ်။ အလယ်အလတ်ဆိုရင် တစ်သိန်း၊ အသေးဆိုရင် ရှစ်သောင်း ဒါကကုမ္ပဏီအနေနဲ့ပေါ့။ လူပုဂ္ဂိုလ်အနေနဲ့ဆိုရင် ရှစ်သောင်း၊ ငါးသောင်း၊ သုံးသောင်း ဒါပဲရှိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ဆန်စပါးအသင်းချုပ် ညီနောင်အဖွဲ့အစည်းများအောက်ရှိ ဆန်သိုလှောင်ရုံများ အဓိကမှတ်ပုံတင်ထားခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ရန်ကုန်တိုင်းမှ သိုလှောင်ရုံ ၈၇ လုံး၊ ဧရာဝတီတိုင်းမှ သိုလှောင်ရုံ ၅၂ လုံး၊ ပဲခူးတိုင်းမှ သိုလှောင်ရုံ ၁၀ လုံး၊ မန္တလေးတိုင်းမှ သိုလှောင်ရုံ ၄ လုံး၊ စစ်ကိုင်းတိုင်းမှ သိုလှောင်ရုံ ၁ လုံး၊ နေပြည်တော်ကောင်စီနယ်မြေမှ သိုလှောင်ရုံ ၁၉ လုံးနှင့် ရခိုင်ပြည်နယ်မှ သိုလှောင်ရုံ ၁ လုံး စုစုပေါင်း သိုလှောင်ရုံ ၁၇၄ လုံးအား မှတ်ပုံတင်ဆောင်ရွက်ထားပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *