◾ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ထရန့် အနိုင်ရမည်ကို အနောက်ဥရောပနိုင်ငံများ စိုးရိမ်နေသလော
၁၁.၁.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏သမ္မတအဖြစ် ဒေါ်နယ်ထရန့် တာဝန်ထမ်းဆောင်နေစဉ် ၂၀၂၀ ပြည့်နှစ်အတွင်းက ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗန်ဒါလီယန်နှင့်တွေ့ဆုံခဲ့စဉ်တွင် ဒေါ်နယ်ထရန့်က အကယ်၍သာ ဥရောပတိုက်ကို တိုက်ခိုက်မှုများလာရောက်ပြုခဲ့မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သည့်အခါမှလာရောက်ကူညီတိုက်ခိုက်ပေးနေမည်မဟုတ်ကြောင်း၊ နေတိုးအဖွဲ့ဆိုသည်ကလည်း အသက်မရှိသောအရုပ်သာဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု ဇန်နဝါရီ ၉ ရက်တွင် မီဒီယာအများအပြားကပင် ဖော်ပြခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ၌ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် အဓိကပါတီကြီးနှစ်ခုအကြား တင်းမာမှုများဖြစ်ပေါ်နေချိန်၊ အဓိက ယှဉ်ပြိုင်မည့် သမ္မတလောင်းနှစ်ဦးအဖြစ် ယူဆရသည့် ဂျိုးဘိုင်ဒန်နှင့် ဒေါ်နယ်ထရန့်တို့အကြား ယှဉ်ပြိုင်တိုက်ခိုက်မှုများမြင့်တက်လာနေချိန်တွင် အဆိုပါသတင်းက ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်က ထရန့်နှင့် အာဆူလာတို့ ဒါဗို့စ်တွင်ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ထိုသို့ပြောကြားခဲ့သည်ဆိုခြင်းကို ပြင်သစ်နိုင်ငံ၏ ဥရောပမဟာမင်းကြီး သယ်ရီ ဘရီတန်က ဇန်နဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြောခဲ့ခြင်းလည်းဖြစ်သည်။
“ခင်ဗျားတို့ နားလည်ဖို့က တကယ်လို့များ ဥရောပက ဒီလိုတိုက်ခိုက်ခံလာခဲ့ရရင် အမေရိကန်အနေနဲ့ လာရောက်ကူညီတိုက်ခိုက်နေနိုင်မှာမဟုတ်ဘူး။ အထောက်အပံ့တွေပေးနေနိုင်မှာမဟုတ်ဘူး” ဟု ပြောခဲ့ကြောင်း ဘရီတန်က ဥရောပပါလီမန်၌ပြောခဲ့သည်။ ထို့ပြင် ထရန့်က “ဒါနဲ့ စကားမစပ်ပြောရရင် နေတိုးဆိုတာကလည်း သက်မဲ့ဖြစ်နေပါပြီ။ ကျွန်တော်တို့နေတိုးက ထွက်ရမှာပါ။ နေတိုးကိုရပ်ဆိုင်းရတော့မှာပါ” ဟု ပြောခဲ့သေးကြောင်း ဘရီတန်ကဆိုသည်။
Jerusalem Post သတင်းစာပါသတင်းတစ်ပုဒ်ကလည်း ထရန့်က “ဆက်ပြောရရင် ခင်ဗျားတို့အနေနဲ့ ကျွန်တော်ကို ဒေါ်လာ ဘီလျံ ၄၀၀ ပေးဖို့ရှိတယ်ဆိုပါတော့။ ခင်ဗျားတို့ရဲ့ ကာကွယ်ရေးအတွက် ခင်ဗျားတို့အနေနဲ့ပေးဖို့ရှိတာ။ ဒါကိုလည်း ခင်ဗျားတို့ ဂျာမန်တွေမပေးခဲ့ဘူး” ဟုပြောခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုစဉ်က အာဆူလာအနေဖြင့်လည်း အခြားသော ဥရောပခေါင်းဆောင်များနှင့်အတူ ဥရောပတိုက်ကာကွယ်ရေးအတွက် အမေရိကန်က ရန်ပုံငွေ ပိုမိုထောက်ပံ့ရန် ထရန့်ကိုတွန်းအားပေးနေခဲ့ခြင်းဖြစ်သည်။
သို့သော် နေတိုးကိုရပ်ဆိုင်းရန်ခြိမ်းခြောက်မှုများနှင့် ဥရောပနိုင်ငံများအား နေတိုးအသုံးစရိတ်သို့ ပိုမိုထည့်ဝင်ရန်တောင်းဆိုမှုများအပြင် ရုရှားသမ္မတ ပူတင်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိခြင်းတို့က ဥရောပနိုင်ငံများအဖို့ ၎င်းအားနားလည်ရန်ခက်ခဲခဲ့ကြသည်။
ဘရပ်ဆဲလ်မြို့တွင် ကျင်းပခဲ့သော ဥရောပပါလီမန်၌ ဘရီတန်က ထရန့်အနေဖြင့် အမေရိကန်သမ္မတ တစ်ကျော့ပြန်ဖြစ်လာနိုင်ကြောင်း သတိပေးသွားခဲ့သည်။
အမေရိကန်၌ ယခုအချိန်ထိ သမ္မတလောင်းရွေးပွဲ၏ အဓိကပြိုင်ဘက်နှစ်ဦးဖြစ်သော ထရန့်နှင့် ဂျိုးဘိုင်ဒန်တို့တွင်လည်း မဲစစ်တမ်းများအရ ယေဘုယျအားဖြင့် ထရန့်အပေါ်ထောက်ခံမှုက ပိုများနေသည်။ ထို့ကြောင့်လည်း ယခုအချိန်တွင် ဥရောပအဖို့ ကိုယ့်ကိုယ်ကိုယ် အားကိုးရန် အချိန်နီးကပ်လာပြီဟု ဘရီတန်က ဆိုခဲ့သေးသည်။
၎င်းက “ကျွန်တော်တို့က နေတိုးရဲ့အဖွဲ့ဝင်တွေပဲ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ဥရောပနိုင်ငံအများစုက နေတိုးမှာပါနေကြပြီး မဟာမိတ်တွေလည်းဖြစ်ကြတယ်။ကျွန်တော်တို့မှာ တစ်ခုခုဖြစ်လာပြီဆိုရင် အဆင်သင့်ဖြစ်စေဖို့ လက်နက်အတွက် ကုန်ကျစရိတ်ကို တိုးမြှင့်သုံးစွဲဖို့မှတစ်ပါး အခြားနည်းလမ်းလည်းမရှိဘူး” ဟု ပြောကြားသွားခဲ့သေးသည်။
သို့သော် ထရန့်အဖို့လည်းယခုအခါ ပြစ်မှုစွဲချက် ၉၁ ခုကို ရင်ဆိုင်နေရပြီး ပါတီတွင်းတွင်လည်း သမ္မတလောင်းဝင်ရောက်အရွေးခံမည့်သူနေရာအတွက် ပြိုင်ဘက်များရှိနေပြန်သေးသည်။ မည်သို့ဖြစ်စေ လာမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြေရှိမရှိနှင့် ယှဉ်ပြိုင်ခွင့်ရလျှင်လည်း အနိုင် ရနိုင်ခြေရှိမရှိတို့က အမေရိကန်၏မဟာမိတ် အနောက် အုပ်စုဥရောပနိုင်ငံများအတွက်ပါ အရေးကြီးနေပြီဟုဆိုရပေမည်။
Ref; The Guardian, Hindustan Times