၁၁. ၁. ၂၀၂၄
Written by Pan Ei
များစွာသောအားလပ်ရက်တွေနဲ့ လူစုလူဝေးတွေများပြားခဲ့တဲ့ ဒီဇင်ဘာလ တစ်လထဲမှာတင် ကမ္ဘာတဝှမ်းမှာ ကိုဗစ် – ၁၉ ကြောင့် သေဆုံးသူ ၁၀,၀၀၀ နီးပါးရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဥရောပနဲ့ အမေရိကတိုက်ရှိ နိုင်ငံပေါင်း ၅၀ နီးပါးမှာလည်း တစ်လအတွင်း ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရောက်သူ ၄၂ ရာခိုင်နှုန်း ခုန်တက်ခဲ့တယ်လို့ ကုလသမဂ္ဂကျောထောက် နောက်ခံပြု ကျန်းမာရေးအေဂျင်စီက ပြောကြားခဲ့ပြီး နိုဝင်ဘာလနဲ့ နှိုင်းယှဉ်မယ်ဆို အထူးကြပ်မတ်ကုသဆောင်ကို ရောက်ရှိခဲ့တဲ့ လူနာဦးရေက ၆၂ ရာခိုင်နှုန်း ပိုတိုးလာတယ်လို့ဆိုပါတယ်။
“တစ်လမှာ လူသေဆုံးမှု ၁၀၀၀၀ ဆိုတဲ့ ပမာဏက ကူးစက်ရောဂါအထွတ်အထိပ်ဖြစ်ပွားခဲ့တဲ့ အချိန်တုန်းကထက် အဆပေါင်းများစွာလျော့နည်းပေမဲ့ ကာကွယ်နေနိုင်တဲ့ အချိန်မှာ ခုလိုသေဆုံးမှုအဆင့်က လက်ခံနိုင်ဖွယ်မရှိပါဘူး” လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကိုဗစ်ရောဂါ ဗီဇပြောင်း မျိုးကွဲ JN.1 က အခုလက်ရှိကမ္ဘာပေါ်မှာ အတွေ့ရှိရဆုံး မျိုးကွဲ ဖြစ်နေပြီး မျိုးကွဲ Tedros ကလည်း တခြားနိုင်ငံတွေမှာ ဖြစ်ပွားမှုတွေမြင့်တက်နေကာ စောင့်ကြည့်ကြပ်မတ်ဖို့နဲ့ ကုသမှုဆက်လက်ခံယူဖို့ အစိုးရတွေကို တိုက်တွန်းထားကြောင်း Tedros Adhanom က ဆက်လက်ပြောကြားခဲ့ပါတယ်။
WHO ရဲ့အရေးပေါ်အခြေအနေအကြီးအကဲ ဒေါက်တာ မိုက်ကယ်ရိုင်ယန်ကလည်း လူတွေကို ဖြစ်နိုင်ရင် ကာကွယ်ဆေးထိုးဖို့နဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ အကြံပြုထားပါတယ်။
“ကာကွယ်ဆေးတွေက ဗိုင်းရပ်စ် ကူးစက်တာကို မတားဆီးနိုင်ပေမဲ့ ဆေးရုံတက်ရတာမျိုး ဒါမှမဟုတ် သေဆုံးနိုင်ခြေကိုတော့ သိသိသာသာ လျော့ကျစေတယ်” လို့ မိုက်ကယ်က ဆိုပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဗိုင်းရပ်စ် စတင်တွေ့ရှိပြီးနောက် သုံးနှစ်ကျော်အကြာ ၂၀၂၃ ခုနှစ် မေလမှာတော့ WHO က ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ်ကနေ ရုပ်သိမ်းခဲ့ပါတယ်။
Ref; DW