October 19, 2024

၁၁.၁.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ ကျောင်းများသို့ ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ခြိမ်း ခြောက်မှုပြုသည့် အီးမေးလ် ၂၀၀ နီးပါးလက်ခံရရှိခဲ့အပြီးတွင် ဇန်နဝါရီ ၁၀ ရက်က မြို့တော်တစ်ခွင်လုံး၌ ထိတ်လန့်တုံလှုပ်မှုများဖြစ်ခဲ့ရကြောင်း သိရသည်။

အဆိုပါအီးမေးလ်များကို မြို့တော်အတွင်းရှိ ထင်ရှားလူသိများသော ကျောင်းများသို့ပေးပို့လာခဲ့ခြင်းဖြစ်ရာ ကျောင်းများ၌လည်း အဝင်အထွက်များ အထူးတင်းကျပ်မှုများပြုလုပ်လာခဲ့ကြကြောင်း သိရသည်။ မြို့တော်ရဲတပ်ဖွဲ့က အီးမေးလ်မှပေးပို့သော အဆိုပါခြိမ်းခြောက်မှုများကို နံနက် ၁၁ နာရီမတိုင်မီ လက်ခံရရှိခဲ့ခြင်းဟုလည်း ပြောခဲ့သည်။

မြို့တော်ရဲတပ်ဖွဲ့က လူမှုကွန်ရက်တွင် ကြေညာချက်တစ်ခု၌ မြို့တော်ရဲတပ်ဖွဲ့အနေနှင့် မြို့တော်အတွင်းရှိကျောင်းများမှ ကျောင်းသူကျောင်းသားများနှင့် ဝန်ထမ်းများ၏ လုံခြုံစိတ်ချရမှုရှိရေးအတွက် ကျောင်းများနှင့်ညှိနှိုင်းတိုင်ပင်လျက်ရှိကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန်ရည်ရွယ်သည့် လှုပ်ရှားဆောင်ရွက်မှုအထောက်အထားအဖြစ် တစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ရဲအဖွဲ့အနေနှင့် အဆိုပါ ခြိမ်းခြောက်မှုပြုသည့် အီးမေးလ် ၂၀၀ ခန့်တို့၏ မူလအစကို သေချာစွာ စုံစမ်းဖော်ထုတ်နေကြောင်းလည်း ပြောခဲ့သည်။

ဝါရှင်တန်ဒီစီ မြို့အတွင်းရှိ ကျောင်းပေါင်း ၁၉၁ ခုတို့က ထိုကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်မည်ဖြစ်ကြောင်းခြိမ်းခြောက်ထားသည့် အီးမေးလ်များကို လက်ခံရရှိခဲ့ကြခြင်းဖြစ်ကြောင်းလည်း သတင်းများအရ သိရသည်။

မြို့တော်အတွင်းရှိ စာသင်ကျောင်းများ၏ကောင်စီမှ ကောင်စီဝင်တစ်ဦးဖြစ်သော ဇာချာရီပါကာက “ဗုံးခွဲတိုက်ခိုက်မှုတွေကို တစ်ချိန်တည်းမှာပြုလုပ်သွားမယ်လို့ အီးမေးလ်က ခြိမ်းခြောက်လာတာပါ။ ဒါပေမယ့် ခုချိန်ထိတော့ ဒီလိုပြုလုပ်နိုင်ဖို့ အခြေအနေတစ်စုံတစ်ရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း ‌မြို့တော်ရဲတပ်ဖွဲ့နဲ့ အဆက်အသွယ် အမြဲရှိနေပါတယ်။ မြို့တော်ရဲတပ်ဖွဲ့ရဲ့ အဖွဲ့တွေကလည်း မြို့တော်တစ်ခွင်လုံးမှာ ရှင်းလင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်” ဟု ပြောသည်။

Ref., Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *