၁၁. ၁. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံရဲ့အစိုးရသစ်ဟာ ဆေးခြောက်ကို အပန်းဖြေဖို့ သုံးစွဲတာကို တားမြစ်တဲ့ ဥပဒေသစ်တစ်ရပ် အတည်ပြုဖို့ ကြိုးပမ်းနေပြီး အာရှမှာ ဆေးခြောက်ကို ခွင့်ပြုခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ကာ သုံးစွဲခွင့်ပြုပြီး ၁၈ လအကြာမှာ ခုလို ပြောင်းလဲမှုတစ်ရပ်ကို ပြုလုပ်လာတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဆေးခြောက်သုံးစွဲမှုအတွက် ဥပဒေတွေ ဖြေလျှော့ပေးခဲ့ပြီးနောက် အရှေ့တောင်အာရှနိုင်ငံတဝှမ်းရှိ ဒေသခံတွေနဲ့ နိုင်ငံခြားသားတွေကို ဝန်ဆောင်မှုပေးတဲ့ အမြတ်အစွန်းများတဲ့ ဆေးခြောက်လုပ်ငန်းကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက ရှေးရိုးစွဲညွန့်ပေါင်းအစိုးရသစ် အာဏာရလာတဲ့အခါ စည်းမျဉ်းတွေကို တင်းကျပ်ကာ ဆေးခြောက်ကို ဆေးဝါးအဖြစ်သုံးစွဲခွင့်ပေးဖို့ကိုသာ စီစဉ်နေတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကြားမှာ ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင်က မူးယစ်ဆေးဝါးသုံးစွဲမှုကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပြီး အစိုးရဟာ ဆေးဘက်ဆိုင်ရာအသုံးပြုမှုကိုသာ ပံ့ပိုးမယ်လို့ ရွေးကောက်ပွဲမှာ ကတိပြုပြီးနောက် ခုလို အပြောင်းအလဲတွေ ထွက်ပေါ်လာတာပါ။
“ဆေးခြောက်သုံးစွဲမှုကို တားမြစ်ဖို့ ဒီဥပဒေကို ရေးဆွဲခဲ့ပါတယ်” လို့ ကျန်းမာရေးဝန်ကြီး Cholnan Srikaew က မီဒီယာတွေကို ပြောကြားခဲ့ပြီး ကျန်းမာရေး၀န်ကြီးဌာနရဲ့ ၀က်ဘ်ဆိုတ်မှာ တင်ထားတဲ့ မူကြမ်းအသစ်အရ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာနဲ့ ကျန်းမာရေးအသုံးပြုမှုတွေအတွက်သာ ခွင့်ပြုမှာဖြစ်သလို အပန်းဖြေဖို့အသုံးပြုမှုအမျိုးအစားအားလုံးကို တားမြစ်ထားပါတယ်။
ကြော်ငြာနဲ့ စျေးကွက်ရှာဖွေရေး လှုပ်ရှားမှုတွေမှာ အပန်းဖြေအသုံးပြုမှုအတွက် ဘတ် ၆၀,၀၀၀ (ဒေါ်လာ ၁,၇၀၀) အထိ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး အပန်းဖြေဖို့အတွက် ဆေးခြောက်ကို အသုံးပြုပါကလည်း ထောင်ဒဏ် တစ်နှစ်အထိ ဒါမှမဟုတ် ဘတ် ၁ သိန်း အထိ ဒဏ်ငွေတွေ ချမှတ်ခံရနိုင်ပါတယ်။ ဒါ့အပြင် လိုင်စင်မရှိဘဲ ဆေးခြောက်စိုက်ပျိုးခြင်းအတွက်လည်း ဒဏ်ကြေးငွေ ဘတ် ၂၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ဒါမှမဟုတ် ထောင်ဒဏ်တစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ထိုင်းလူထုရဲ့ သဘောထားကို ကောက်ယူထားကာ ပြည်သူလူထုရဲ့အကြံပြုချက်အတွက် နောက်ဆုံးရက်မှာ ဇန်နဝါရီ ၂၃ ရက်ဖြစ်တယ်လို့ သိရပါတယ်။
ဆေးခြောက်ဟာ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်းက တရားဝင်ဖြစ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် ဇွန်လမှာတော့ ဆေးခြောက်သုံးစွဲခွင့်ကို အပြည့်အ၀ ခွင့်ပြုပေးခဲ့တဲ့ နိုင်ငံဖြစ်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံအများအပြားမှာ ဆေးခြောက်သုံးစွဲမှုကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ကာ ဆေးခြောက်လက်ဝယ်ထားရှိမှု၊ သုံးစွဲမှုနဲ့ ရောင်းဝယ် ဖောက်ကားမှုတွေအတွက် သေဒဏ်တွေပါ ချမှတ်နေချိန်မှာ ထိုင်းနိုင်ငံရဲလုပ်ရပ်က အာရှဒေသမှာတော့ ရှားရှားပါးပါးဖြစ်ခဲ့ရတာပါ။
Ref; CNN