October 19, 2024

၁၁. ၁. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူအရေအတွက်က ဇန်နဝါရီ ၈ ရက်နေ့အထိ နိုင်ငံတဝှမ်းတွင် လူပေါင်း ၂ ဒသမ ၆သန်းကျော်ရှိလာခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကိုင်အဖွဲ့မျိုးစုံနှင့် တပ်မတော်တို့၏အကြား အောက်တိုဘာလနှောင်းပိုင်းကစပြီး ပြင်းထန်လာသော တိုက်ပွဲများကြောင့် တိုင်းနှင့် ပြည်နယ်တို့တွင် နေရပ်စွန့်ခွာရသူဦးရေ တိုးလာနေပြီး အရပ်သားပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု များလာနေကြောင်း ကုလသမဂ္ဂအဖွဲ့၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့က ဆိုသည်။

ကုလသမဂ္ဂက ” အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့တောင်ပိုင်း၊ ကယားပြည် နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ လူဦးရေ ၆၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ဒီလိုတိုးလာတဲ့အတွက် နိုင်ငံအနှံ့နေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၆ သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၇ သန်းကို လာမယ့်သီတင်းပတ်များအတွင်းမှာ ပဋိပက္ခဒဏ်ခံရသူတွေထံ အကူအညီပေးဖို့ ချထားပေးမှာပါ။ ဒါဟာ လိုအပ်ချက်များရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး တုံ့ပြန်ကူညီဖို့ များစွာ ကျန်ရှိနေပါသေးတယ်”ဟုပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ မရှိမဖြစ်လိုအပ်သည့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၆ သန်း၏ ၂၉ ရာခိုင် နှုန်းသာ ရန်ပုံငွေရရှိခဲ့သော်လည်း ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့များက လူမှုကယ်ဆယ်ရေးအကူအညီကို လူဦးရေ ၃ ဒသမ ၁ သန်းအတွက် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံတစ်ဝန်းမှ နေရပ်စွန့်ခွာထွက်ပြေးရသူများနှင့်၎င်းတို့ရွှေ့ပြောင်းနေထိုင်ရသော ရပ်ရွာအသိုင်းအဝိုင်းများကို အရေးပါသည့် လူမှုကယ်ဆယ်ရေးအကူအညီ ဆက်လက်ပံ့ပိုးနိုင်ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်းလိုအပ်ကြောင်း ဆော်သြထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့က ဆိုသည်။

အဆိုပါရန်ပုံငွေသည် ခန့်မှန်းခြေ ဦးတည်လူဦးရေ ၅ ဒသမ ၃ သန်းအတွက် အသက်ကယ်အကူအညီများနှင့် အရေးပါသော အခြေခံဝန်ဆောင်မှု ပံ့ပိုးဆောင်ရွက်မည့် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအတွက် အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂကပြောသည်။

Ref, UN

Leave a Reply

Your email address will not be published. Required fields are marked *