October 19, 2024

၁၀. ၁. ၂၀၂၄
Written by Zaw Moe

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်ကို MNDAA ၏ ဖျက်ဆီးစော်ကားမှုသည် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကိုသာမက ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာနိုင်ငံများနှင့် ဗုဒ္ဓဘာသာလူဦးရေ သန်း ၅၀၀ လုံးကို ရိုင်းစိုင်းစော်ကားခြင်းဖြစ်၍ ဘာသာရေးခေါင်းဆောင်များနှင့် ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ဝိုင်းဝန်းထိန်းသိမ်းပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ‌ပြောကြားသည်။

“ဒီဘုရားစေတီဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းက ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမနဲ့အညီ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ ကိုယ်စား ကိုးကွယ်မှုပြုတဲ့ ဥဒ္ဒိဿစေတီတော်ဖြစ်ပါတယ်။ ဒီလိုရိုင်းစိုင်းယုတ်မာတဲ့ လုပ်ရပ်ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာဝင်တွေအားလုံး စိတ်မကောင်းဖြစ်ရပါတယ်။ ဝမ်းနည်း ကြေကွဲရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုသာမက ထိုင်းနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာဝင်တွေအားလုံး၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ စတဲ့နိုင်ငံတွေနဲ့ ဒီအဖြစ်အပျက်ဖြစ်ပွားရာ မြန်မာနိုင်ငံရှမ်းပြည်နယ်နဲ့ နီးစပ်တဲ့ တိဗက်ဒေသ၊ ယူနန်ဒေသစတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်များအားလုံးကို စော်ကားလိုက်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြိုနယ်၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း (ဆင်းဦးကင်းကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတစ်ဆူအား ဇန်နဝါရီ ၈ ရက်တွင် MNDAA တပ်ဖွဲ့ဝင် လူငယ်တစ်ဦးက သံတူနှင့် ရိုက်ထုဖျက်ဆီးသည့် ဗီဒီယိုဖိုင်သည် မီဒီယာပလက်ဖောင်းပေါ် ပျံ့နှံခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ စိတ်နှလုံးထိခိုက်ခဲ့ရသည်။

ထို့အတူ ရှမ်းပြည်နယ်၊ မူဆယ်မြို့အဝင် ရပ်တော်မူဘုရားကျောင်း၊ ဘုန်းကြီးကျောင်းကိုလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်တွင် ဒရုန်းများကို အသုံးပြုပြီး Drop Bomb များချခဲ့ခြင်းများ ဆောင်ရွက်ခဲ့မှုသည် MNDAA၊ TNLA နှင့် AA စသည့် အကြမ်းဖက် သောင်းကျန်းသူ ၃ ဖွဲ့၏ ဘာသာတရားအပေါ် အကြမ်းဖက်မှုများ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ အကြမ်းဖက်သောင်းကျန်းသူများရဲ့ ယုတ်မာတဲ့လုပ်ရပ်ကို ကမ္ဘာသူ ကမ္ဘာသားများ အားလုံး သိမြင်ကြစေချင်ပါတယ်။ ဝိုင်းဝန်းထိန်းသိမ်းကြစေချင်ပါတယ်။ သိမြင်ကြစေဖို့ ဝိုင်းဝန်းထိန်းသိမ်းနိုင်ကြစေဖို့ တင်ပြလိုက်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *