October 19, 2024

၁၀. ၁. ၂၀၂၄
Written by Min Mahar

မန္တလေးမြို့ရှိ Boss KTV ဆိုင်အတွင်းသို့ အမည်မသိအမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့၍ ပေါက်ကွဲမှုဖြစ်ကာ အမျိုသားဝန်ထမ်းတစ်ဦး၏ ခြေထောက်ကို ဗုံးစများအနည်းငယ်ထိမှန်သွားမှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့​ကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်(ယနေ့) မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြား၊ ၅၉ လမ်းပေါ်ရှိ Boss KTV ဆိုင်ကို ၅၉ လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာပြီး စကိုးဖီး(အနက်ရောင်)ကို စီးနင်းလာသည့် အမည်မသိ အမျိုးသားလူငယ် နှစ်ဦးထဲမှ အနောက်က လိုက်ပါလာသူက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ဆိုင်ဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ညနေ  ၃ နာရီ ထိုးခါနီးလောက်က စကိုဖီးအနက်ရောင်တစ်စီးကို ယောက်ကျားလေးနှစ်ယောက်စီးလာပြီး ဆိုင်အတွင်းထဲကို အနောက်ကလိုက်လာသူက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ပေါက်လို့ ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကဝန်ထမ်းကလေးတစ်ယောက် ဘယ်ခြေထောက်ကို ဗုံးစအနည်းငယ်ထိမှန်သွားလို့ အနီးမှာရှိတဲ့ မြတ်ဝေလျှံ ပုဂ္ဂလိကဆေးရုံကို ပို့ပေးပြီး ဆေးကုသမှုခံယူခိုင်းထားတယ်။ အခြားကြီးကြီးမားမားတော့ မပျက်စီးသွားပါဘူး။ အသံကတော့ နည်းနည်းကျယ်တယ်။ ပစ်သွားတဲ့သူတွေကို CCTV ကနေ ပြန်ကြည့်တော့ အရှေ့ကမောင်းသူက လျှာထိုးဦးထုပ်ဆောင်ထားပြီး အင်္ကျီအနက်ရောင်လက်ရှည်ဝတ်ထားတယ်။ အနောက်ကလိုက်လာသူက မျက်နှာကို Mask တပ်ထားပြီး မော်ဒယ်စိမ်းရာင် လက်ရှည်ဝတ်ထားပြီး ဆိုင်ထဲကို လှမ်းပစ်ပေါက်သွားတဲ့ပုံတွေရှိပါတယ်”ဟု ဆိုင်တာဝန်ခံတစ်ဦးက ဆိုသည်။

အဆိုပါပေါက်ကွဲမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှ အလုပ်လာလုပ်သည့် အသက် ၁၉ နှစ်အရွယ် အထွေထွေဝန်ထမ်း အမျိုးသားငယ်၏ ဘယ်ဘက်ခြေထောက်ကို ဗုံးစများအနည်းငယ်ထိမှန်ကာ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားသဖြင့် နီးစပ်ရာရှိ ” မြတ်ဝေလျှံ” ပုဂ္ဂလိကဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ဗုံးဖြင့် လာရောက်ပစ်ပေါက်သူနှစ်ဦးအားအမှတ်(၉) နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *