October 19, 2024

◾ သမ္မတ ဒန်နီယယ် နိုဘိုအာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအဖြစ် ပြောကြားပြီး နိုင်ငံအနှံ့အရေးပေါ်အခြေအနေကြေညာ

၁၀.၁.၂၀၂၄
Translated by Htwe Ko Tun

အီကွေဒေါနိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဂွာယာကွီးလ်(Guayaquil) မြို့တွင် ရုပ်မြင်သံကြားအသံလွှင့်ဌာနတစ်ခုကို မျက်နှာဖုံးကွယ်ထားသော လက်နက်ကိုင်များက ဝင်ရောက်စီးနင်းထိန်းချုပ်မှုတစ်ရပ် ဇန်နဝါရီ ၉ ရက်ကဖြစ်ပွားခဲ့သည်။

အီကွေဒေါပြည်သူများမှာ ရုပ်မြင်သံကြားလွှင့်ထုတ်မှုများကို ကြည့်နေကြစဉ် လက်နက်ကိုင်များက အဆိုပါအသံလွှင့်ကွန်ရက်လုပ်ငန်းကို ဝင်ရောက်ထိန်းချုပ်မှုအားတွေ့ခဲ့ကြရသည်တွင် အလွန်အမင်းအံ့အားသင့်ကာ ရင်သပ်ရှုမောဖြစ်ခဲ့ကြရသည်။ လက်နက်ကိုင်များက TC ရုပ်မြင်သံကြားဌာန၏ဝန်ထမ်းများအား စတူဒီယို၏ ကြမ်းပြင်ပေါ်လှဲချကာ သေနတ်သံများနှင့် စူးစူးဝါးဝါးအော်ဟစ်သံများကိုပါ နောက်ခံတွင် တစ်ပြိုင်တည်းကြားခဲ့ကြရသည်ကို တွေ့ခဲ့ကြရသည်။

အီကွေဒေါသမ္မတ ဒန်နီယယ်နိုဘိုအာက နိုင်ငံအတွင်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ တစ်ရပ်ဖြစ်ပွားနေကြောင်း ပြောခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များကိုလည်း အစွန်းရောက်အကြမ်းဖက်မှုများပြုလုပ်လာနေသော ဒုစရိုက်အုပ်စုအများအပြားကိုနှိမ်နင်းကြရန် အမိန့်ထုတ်ခဲ့သည်။ ဒေသခံသတင်းမီဒီယာစာစောင်များကလည်း လက်နက်ကိုင်များကို မြို့၏ ဆေးရုံတစ်ရုံနှင့် တက္ကသိုလ်တစ်ခုတို့၌လည်းတွေ့ရကြောင်း ဖော်ပြခဲ့ကြသည်။

အီကွေဒေါရဲတပ်ဖွဲ့ကမူ လက်နက်ကိုင်အကြမ်းဖက်များအားလုံးကို ဖမ်းဆီးမိခဲ့ကြောင်း၊ ဝင်ရောက်ထိန်းချုပ်ခံရသော ရုပ်မြင် သံကြားကွန်ရက်မှ ဝန်ထမ်းများနှင့်ဓားစာခံများအားလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း နောက်ပိုင်းတွင်သတင်းထုတ်ပြန်ခဲ့သည်။ သေနတ်လေးလက်၊ လက်ပစ်ဗုံးနှစ်လုံးနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကိုလည်း ရှာဖွေသိမ်းဆည်းမိခဲ့ပြီး အကြမ်းဖက် ၁၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်။ ၎င်းတို့ကို အကြမ်းဖက်တိုက်ခိုက်မှုများကျူးလွန်မှုဖြင့် တရားရုံးတင် အရေးယူသွားမည်ဟုလည်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။

TC ရုပ်မြင်သံကြားဌာနမှ တွေ့ဆုံမေးမြန်းတင်ဆက်သူ ဂျော့ရန်ဒွန်ကလည်း ထိုကဲ့သို့ ရုပ်မြင်သံကြားကွန်ရက်အား လက်နက်ကိုင်များ၏ဝင်ရောက်ထိန်းချုပ်မှုက အစွန်းရောက်အကြမ်းဖက်မှုသာဖြစ်ကြောင်း ပြောခဲ့သည်။

အီကွေဒေါနိုင်ငံ၏ ထိပ်တန်းဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီးတစ်ဦးဖြစ်သော အဒိုလ်ဖို ဖီတို မာဆီယာက ဂွာယာကွီးလ်မြို့ အကျဉ်းထောင်မှထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် သမ္မတနိုဘိုအာက ဇန်နဝါရီ ၈ ရက်တွင် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက်မှာပင် နိုင်ငံအတွင်း၌ ပေါက်ကွဲမှုများ၊ ရဲတပ်ဖွဲ့ဝင်များအားပြန်ပေးဆွဲမှုများနှင့် အကျဉ်း ထောင်ဆူပူမှုများဖြစ်ပွားနေကြောင်းလည်း သိရသည်။

Ref:; AP

Leave a Reply

Your email address will not be published. Required fields are marked *