October 19, 2024

၁၀.၁.၂၀၂၄
Written By Thandar

“မနုဿတဒုလ္လဘ”(ရခဲလှတဲ့လူ့ဘဝ) ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်စစ်နိုင်က တစ်ခါမှသရုပ်ဆောင်မဆောင်ဖူးတဲ့ ဆိုးသွမ်းပြီး ခပ်ကြမ်းကြမ်းကာရိုက်တာနဲ့ ပရိသတ်တွေမြင်တွေ့ရမှာလို့ MT news ကို ပြောပါတယ်။

“ကျွန်တော်ရဲ့ ဒီမနုဿတဒလ္လဘ ဇာတ်လမ်းတွဲမှာ တစ်ရွာလုံးမှာ သားအမိနှစ်ယောက်တည်း။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ အမေကလည်း ဒီလို ဆိုးသွမ်းဖို့အတွက် သင်ပေးတယ်။ တကယ်ဆိုးသွမ်းပြီးတော့ တကယ် လူသတ်အချိန်ထိရောက်လာချိန်မှာ အမေကလည်း တားလို့ မရတော့ဘူး။ ကျွန်တော် တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ဇာတ်ကောင်ခပ်ကြမ်းကြမ်းလေး သရုပ်ဆောင်ထားပါတယ်။ ပရိသတ်အတွက်လည်း အမြင်ဆန်းမယ့် ဇာတ်ကောင်တစ်ခုပါ။ ဝါရင့်သရုပ်ဆောင်တွေလည်း အများကြီးပါဝင်တဲ့ဇာတ်လမ်းမို့ ကျွန်တော့်အတွက် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ဖို့ မျှော်လင့်ထားတယ်”လို့ သရုပ် ဆောင် စစ်နိုင်က MT news ကို ပြောပါတယ်။

အဆိုပါဇာတ်လမ်းတွဲက အပိုင်း ၁၅ ပိုင်း ရှိပြီး လူ့ဘောင်လောကနဲ့ အံမဝင်ဘဲ တစ်လောကလုံးကို ပြဿနာပတ်ရှာနေတဲ့ သားအမိနှစ်ယောက်ကို အခြေပြုပြီး လောကဇာတ်ခုံပေါ်က လူသားတိုင်း သတိထားရမယ့် ကံ ကံ၏အကျိုးကို မီးမောင်းထိုးပြထားတဲ့ မနုဿတဒုလ္လဘ (ရခဲလှတဲ့ လူ့ဘဝ) ကို ဒါရိုက်တာ မင်းဇော်က ပုံဖော်ထားတာဖြစ်ပါတယ်။

“ရှေ့မှာ ဇာတ်လမ်းတွဲတွေကို တည်တည်ငြိမ်ငြိမ်ပဲ သရုပ်ဆောင်ခဲ့တာများတယ်။ ဒီတစ်ခါ ပရိသတ်အတွက် အထူးအဆန်းလေးဖြစ်အောင် ရသတစ်ခုပေးချင်တဲ့အနေနဲ့ တကယ့်ကြမ်းပါတယ်ဆိုတဲ့ အိုက်တင်အကြမ်းစားနဲ့ ရိုက်ကူးထားပါတယ်။ ဒီကားကြည့်လိုက်ရင် ရခဲလှတဲ့ လူဘဝအတွက် Message တစ်ခုအနေနဲ့ ပရိသတ်ရင်ထဲမှာ ကျန်နေခဲ့မယ်လို့ ယုံကြည်ပါတယ် ”လို့ သူကဆက်ပြောပါတယ်။

ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် စစ်နိုင်၊ မြတ်ကေသီအောင်၊ ခင်စိုးပိုင်၊ ဝါဝါအောင်၊ သာသာ၊ လင်းအောင်၊ ရဲရင့်၊ ဒေါင်းဝေ၊ မေသည်းခင်၊ သွန်းဆုနဒီ၊ ခိုင်သင်းကြည်၊ ကြယ်စင်ရှိုင်း စတဲ့သူတွေ ပါဝင်ထားကြပါတယ်။ မနုဿတဒုလ္လဘ (ရခဲလှတဲ့လူ့ဘဝ) ဇာတ်လမ်းတွဲကိုတော့ လာမယ့် ဇန်နဝါရီ ၁၂ ရက် ည ၉ နာရီမှာ အပတ်စဥ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ SKY PREMIERHD ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *