October 19, 2024

MT News

Written by Zaw Moe

ကွတ်ခိုင်ဒေသဝန်းကျင်တွင် သောင်းကျန်းသူများက ၁၀ နှစ်အရွယ် ကလေးများကိုပါ အတင်းအဓမ္မ စစ်သားစုဆောင်းနေမှုကြောင့် ယင်းဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူ များပြားနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ သူတို့ခေတ္တရရှိသွားတဲ့ နယ်မြေတွေမှာ လူသစ်စုဆောင်းတာတွေ အတင်းအဓမ္မဆောင်ရွက်လျက်ရှိကြောင်းလည်း တွေ့ရပါတယ်။ ကွတ်ခိုင်နဲ့တစ်ဝိုက်မှာဆိုရင် ၁၀ နှစ်သားအရွယ်ရှိတဲ့ ယောက်ျားလေးဆိုရင် ပညာသင်ပေးမယ်။ သောင်းကျန်းသူ တပ်ဖွဲ့ထဲမှာ ပညာသင်ပေးမယ်။ ပညာရရမယ်ဆိုပြီး ဆွဲဆောင်စည်းရုံး လုပ်ဆောင်နေတာတွေ ရှိပါတယ်။ အတင်းအဓမ္မ လူသစ်စုဆောင်းနေမှုများ ရှိပါတယ်။ ဒါကြောင့် အဲဒီဒေသမှာ ရှိနေတဲ့ နေရပ်စွန့်ခွာပြီး ထွက်ပြေးလာကြတဲ့သူတွေ များပြားနေကြောင်းလည်း ကျွန်တော်တို့ တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သောင်းကျန်းသူများက ၎င်းတို့လွှမ်းမိုးထားသည့် နယ်မြေများအတွင်းရှိ ကလေးငယ်များအား ပညာသင်ကြားရေးနှင့် စည်းရုံးကာ စစ်သားစုဆောင်းမှုအောက်တွင် ယောက်ျားလေးသည် တိုက်ခိုက်ရေးတပ်သို့ ဝင်ရောက်ရပြီး အမျိုးသမီးများသည် အထောက်အကူပြုတပ်ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့များသို့ ဝင်ရောက်ရခြင်းဖြစ်သည်။

“ဒါတွေဟာ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်သောင်းကျန်းသူတွေ အမြဲတမ်း ဆောင်ရွက်နေတဲ့ဟာတွေ ဖြစ်ပါတယ်။ ဒါတွေကိုလည်းပဲ ဖြစ်စဉ်အမှန်တွေကိုလည်း ပြည်ဖျက်မီဒီယာများက ဖုံးဖိပြီး ဆောင်ရွက်နေတာများလည်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *