October 19, 2024

◾ MNDAA ၏ ဘာသာတရားကို စော်ကားမှု စုစည်းတွန်းလှန်ရန် လိုအပ်လာ

MT News
Written by Zaw Moe

သောင်းကျန်းသူများအနေဖြင့် လက်နက်ကိုင်ကာ နယ်မြေလုရာမှ ဘာသာတရားကိုပါ ထိပါး သွေးတိုးစမ်းလာသည့် ဖြစ်ရပ်များအပေါ် ပြန်လည်တွန်းလှန်ပြီး သွေးစည်းညီညွှတ်ရေး ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“လက်နက်ကိုင်သောင်းကျန်းမှု၊ လက်နက်ကိုင် နယ်မြေလုမှုတွေကနေ လက်နက်ကိုင်ပြီး ဘာသာရေးပါ စော်ကားတဲ့ တစ်မျိုးသားလုံး အမြတ်တနိုးထားတဲ့ ဘာသာရေးကိုပါ စော်ကားတဲ့ အပြုအမူများနဲ့ သွေးတိုးစမ်းလာတာတွေသည် မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားခြင်း၊ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် များစွာသော စိတ်ထိခိုက်မှု ဖြစ်ရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြီး တွန်းလှန်သွားရမယ်။ ပြန်လည်ပြီး သွေးစည်းသွားရမယ်။ ပြန်လည်ပြီး ညီညွတ်သွားရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း၌ မြန်မာလူမျိုးအချင်းချင်း မညီညွတ်မှုကို အကြောင်းပြုပြီး သပ်လျှိုသွေးခွဲမှုမျိုးစုံ လုပ်ဆောင်နေခြင်းဖြစ်ကာ ယခင်ကလည်း ဘုရား၊ စေတီနှင့် ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခဲ့ခြင်း၊ Drop Bomb ဖြင့် တိုက်ခိုက်ခြင်းတို့အပြင် ဘုရားစေတီများအပေါ် အကာအကွယ်ယူပြီး ခံစစ်စခန်းများ လုပ်ဆောင်ခဲ့မှုများလည်း ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း (ဆင်းဦးကင်းကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတစ်ဆူအား ဇန်နဝါရီ ၈ ရက် (ယမန်နေ့)တွင် MNDAA တပ်ဖွဲ့ဝင် လူငယ်တစ်ဦးက သံတူနှင့် ရိုက်ထုဖျက်ဆီးသည့် ဗီဒီယိုဖိုင်သည် မီဒီယာပလက်ဖောင်းပေါ် ပျံ့နှံ့ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ စိတ်နှလုံးထိခိုက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး MNDAA မှ အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်ဖြစ်ကြောင်း MNDAA အနေဖြင့် လက်အောက်ငယ်သား၏ တပ်စည်းမျဉ်းစည်းကမ်း ညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသည့် လုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်အပ်ကြောင်းနှင့်  စေတီဖျက်ဆီးမှုနှင့် ပတ်သက်ပြီး MNDAA စစ်ရေးကော်မတီမှ သက်ဆိုင်ရာဌာနကို တာဝန်ပေး၍ တရားခံကို အရေးယူအပြစ်ပေးရန် ညွှန်ကြားထားကြောင်း MNDAA က ယနေ့တွင် တောင်းပန်စာ ထုတ်ပြန်ခဲ့သည်။

“ဒီတင်ထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်တဲ့အခါမှာလည်း ဗုဒ္ဓဘာသာဝင်အားလုံးကို လှောင်ပြောင်စော်ကား ဘာသာရေးကို စော်ကားတဲ့ပုံစံ၊ မြန်မာတစ်မျိုးသားလုံးကို စော်ကားတဲ့ပုံစံ တင်ထားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သောင်းကျန်းသူများဘက်ကတော့ အကြောင်းအမျိုးမျိုးပြတာပေါ့” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *