October 19, 2024

MT News

◾ညောပြင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရဟု သတင်းအမှားများ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ညောပြင်ရွာကို ဇန်နဝါရီ ၈ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ဟု ဆိုသည်။

ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၈ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၇၀၀ ခန့်၌ အနီးဝန်းကျင်ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် PDF များ ခိုအောင်းလှုပ်ရှားနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ PDF များသည် ၎င်းတို့အခြေပြုနေထိုင်သည့် တဲများအား မီးရှို့ထွက်ပြေးသွားခဲ့ကြောင်းနှင့် လက်လုပ်မိုင်းများ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

◾ နတ်တလင်းမြို့နယ်မှာ အရပ်သားတွေကို စစ်မှုထမ်းဖို့ တပ်မတော်က အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် တောင်းခံနေကြောင်း သတင်း မှားယွင်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီ ၅ ရက်နေ့က တပ်မတော်မှ အုပ်ချုပ်ရေးမှူးများကိုခေါ်ယူကာ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်ကြား အမျိုးသားများကို ကျေးရွာတစ်အုပ်စုလျှင် ၁၀ ဦး ပေးရမည်ဖြစ်ကြောင်း စစ်မှုထမ်းအင်အားများ တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တပ်မတော်မှ ဒေသခံပြည်သူများအား စစ်မှုထမ်းဆောင်ရန် အင်အားတောင်းခံခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းဆောင်ခိုင်းခြင်း မရှိပါကြောင်း၊ ကောလာဟ လသတင်းများကို မသမာသူများက လုပ်ကြံပြောဆိုနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

◾ အမ်းမြို့နယ်တွင် ဒေသခံအရပ်သား ၁ဝ ဦးကို တပ်မတော်မှ ဖမ်းဆီးဟု သတင်းမှား ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မြို့နှင့် ၃ မိုင်ကုန်းအနီးရှိ ကျောက်ကွင်းအနီးတွင် အရပ်သားပြည်သူ ၁၀ ဦးကို တပ်မတော်က ဇန်နဝါရီလ ၆ ရက်တွင် ဖမ်းဆီးသွားခဲ့ကြောင်း Development Media Group မှ ကောလာဟလ သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ပုံမှန်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြစ်မဲ့အရပ်သား ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းမရှိကြောင်းနှင့် မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

◾ တိုင်းရန်ပုံငွေရရှိရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အကြွေးစနစ်ဖြင့် ဓာတ်မြေဩဇာရောင်းချနေသည်ဆိုသည့်သတင်း မဟုတ်မှန်

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းရန်ပုံငွေရရှိရန်အတွက် အကျိုးတူလုပ်ကိုင်နေသည့် ဓာတ်မြေဩဇာအရောင်းဆိုင်များမှတစ်ဆင့် ဒေသခံတောင်သူများအပေါ် တစ်ဦးလျှင် ဓာတ်မြေဩဇာ ၂၀ အိတ် (ကာလ တန်ဖိုး ၂၆ သိန်း)ကို အကြွေးစနစ်ဖြင့် အတိုးယူရောင်းချမှုများ ပြုလုပ်နေကြောင်း Ayeyarwaddy Times က သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ “မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်ကုန်ကျမှု အထောက်အကူပြုနိုင်ရန်အတွက် နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခြင်း၊ ပြန်လည်လက်ခံခြင်း၊ ချေးငွေညွှန်ကြားစာပါ စည်းကမ်းချက်များနှင့်အညီ ကြွေးကျန်များ ပေးဆပ်ပြီးသည့် တောင်သူများကို ချေးငွေသစ်များ စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးခြင်းစသည့် လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အခြားသော စိုက်ပျိုးရေးသွင်းအားစုများဆိုင်ရာ အကျိုးတူလုပ်ဆောင်မှုများကို ပါဝင်ပတ်သက် လုပ်ဆောင်ခြင်းမရှိကြောင်း” သက်ဆိုင်ရာ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *