October 19, 2024

MT News

Written by Hey Mar

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လမှာ အယ်လ်နီညိုဖြစ်စဥ် အားအကောင်းဆုံး အခြေအနေကို ရောက်ရှိလာမှာဖြစ်လို့ မြန်မာပြည် အလယ်ပိုင်း ဒေသတွေအပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်-တနင်္သာရီဒေသတွေ အထိ အပူဒဏ်ကိုသိသိသာသာ ခံစားရနိုင်တယ်လို့ မိုးလေဝသနဲ့ ရာသီဥတု ပြောင်းလဲခြင်းများကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က MT News ကို ပြောပါတယ်။

ဇန်နဝါရီလအတွင်း အယ်လ်နီညိုဖြစ်စဥ်ဟာ အားကောင်းတဲ့အခြေအနေမှာ ရောက်ရှိနေပြီး အယ်လ်နီညိုဖြစ်ပေါ်မှုကို ဆန့်ကျင်တဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းက အိုင်အိုဒီဖြစ်စဉ်ဟာလည်း အားလျော့လာနေပြီလို့ ကြိုတင်ခန့်မှန်းရေး Model တွေ၊ အမေရိကန်အခြေ စိုက်-အမျိုးသားမိုးလေဝသဌာန(NOAA – National Weather Service)နဲ့ ဩစတေးလျမိုးလေဝသဌာနထုတ်ပြန်ချက်တွေကို ဦးဝင်းနိုင်က ကိုးကားရှင်းပြပါတယ်။

“ဒီနှစ် အယ်လ်နီညိုကြောင့် ဖြစ်လာမဲ့ အမြင့်ဆုံးအပူချိန်တွေက ၂ လပိုင်းက စပါမယ်။ ၄ လပိုင်းမှာ အမြင့်ဆုံး နှစ်စဉ်ဖြစ်မြဲထက် 1.5 °C မှ 2 °C အထိ ပိုပူပါမယ်။ အလယ်ပိုင်းဒေသတွေရော ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်-တနင်္သာရီ၊ ကရင်ပြည်နယ်တွေရော အပူဒဏ်ကို ခံစားကြရမှာပါ။ အပူဒဏ်ခံနိုင်ဖို့ ပြင်ဆင်ရမှာအပြင် လိုအပ်တဲ့ ဆေးဝါးတွေ၊ ဓာတ်ဆားရည်လိုမျိုးတွေ ကြိုတင်ပြင်ဆင်စုဆောင်းထားကြဖို့ လိုပါမယ်ဗျ။ အလယ်ပိုင်းဒေသတွေဆိုတာ မကွေးတိုင်း၊စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် အနောက်ဘက်ခြမ်းတွေကို ပြောတာပါ” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

၂၀၂၄ ခုနှစ်အယ်လ်နီညိုက ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ အားအကောင်းဆုံးဖြစ်နိုင်ပေမဲ့ မှတ်တမ်းတွေအရတော့ အားအကောင်းဆုံးအယ်လ်နီညိုအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ၂၀၁၅ အယ်လ်နီညိုလောက်တော့ အားပြင်းမှာမဟုတ်ကြောင်း၊ “အားကောင်းတဲ့အယ်လ်နီညိုအဆင့်” အထိတော့ ရောက်နိုင်ကြောင်း ခန့်မှန်းရတယ်လို့ သိရပါတယ်။

“စိုက်ပျိုးရေးဘက်ကိုတော့ပြောရရင် စိုက်ပျိုးရေမလုံမလောက်ဖြစ်မှာတစ်ခုပါပဲ။ ဆည်ရေသောက်ဧရိယာတွေအတွက် ဆည်တွေမှာ ရေအလုံအလောက်ကြိုစုထားနိုင်ကြမှာမို့ ကိစ္စမရှိနိုင်လောက်ပါဘူး။ လျှပ်စစ်မြစ်ရေတင် (ဆိုလာလျှပ်စစ်မြစ်ရေတင်)တွေလည်း အတော်လုပ်နေကြတာတွေ့ရပါတယ်။ အဲ့ဒီရေအရင်းအမြစ်တွေနဲ့ ဝေးတဲ့ဒေသတွေ၊ Water resources ကို လက်လှမ်းမမီနိုင်တဲ့ဒေသတွေမှာတော့ စိုက်ပျိုးရေပြဿနာအနည်းနဲ့အများ ကြုံတွေ့ရနိုင်ပါတယ်”လို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်း လဲခြင်းများကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *