October 19, 2024

ဖမ်းမိသည့် ရှေ့နေ ၂ ဦးကို စစ်ဆေးမှုအရ ရွှေဘိုမြို့နယ်ပကဖ ဒုတာဝန်ခံနှင့် ပတ်သက်ဆက်နွှယ်နေသည့်အတွက် အမှုဖွင့်ကာ တရားစွဲ

၉. ၁. ၂၀၂၄
Written by Min Mahar

ရွှေဘိုမြို့နယ်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ အများပြည်သူထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေရန်နှင့် အကြမ်းဖက်လုပ်ငန်းများတွင် စိတ်ပါဝင်စားမှုဖြစ်ပေါ်စေရန် လှုံ့ဆော်စာများရေးသားနေသည့် ရှေ့နေ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံနှင့်ပါ ပတ်သက်ဆက်နွှယ်နေသည်ဟု စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ယနေ့ မွန်းလွဲပိုင်းက အမှုဖွင့်ကာ တရားစွဲဆိုထားကြောင်း ဒေသခံရှေ့နေအသိုင်းအဝိုင်းများထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်/မြို့နယ်တရားရုံးများတွင် အမှုလိုက်ရှေ့နေများဖြစ်ကြသော တရားလွှတ်တော်ရှေ့နေအမျိုးသမီးနှင့် အထက်တန်းရှေ့နေ အမျိုးသမီးတို့ ၂ ဦးသည် Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေရန်နှင့် အကြမ်းဖက်လုပ်ငန်းများတွင် စိတ်ပါဝင်စားမှုဖြစ်ပေါ်စေရန် လှုံ့ဆော်စာများရေးသား၍ Post တင်ခြင်းများပြုလုပ်နေသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီခွဲခန့်က ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သူဇာရပ်(ဒေသအခေါ်)၊ သူဇာ ၉ လမ်းရှိ အသက် ၄၁ နှစ်အရွယ်ခန့်ရှိသော တရားလွှတ်တော်ရှေ့နေအမျိုးသမီးအား နေအိမ်တွင် ဝင်ရာက်ရှာဖွေကာ ဖမ်းဆီးခဲ့ပြီးနောက် နံနက် ၁၁ နာရီခန့်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စိန်ဘုရားရပ်၊ ရွှေဘိုခရိုင်စုပေါင်းရုံးဝင်းအတွင်းရှိ ရှေ့နေကြီးများ နားနေခန်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာတွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ်အထက်တန်းရှေ့နေ အမျိုးသမီးအားလည်းကောင်း ၎င်းတို့ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများနှင့်အတူ ရွှေဘိုမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုရှေ့နေ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရွှေဘိုမြို့ပေါ်ဆန္ဒပြပွဲများတွင် ရွှေဘိုရှေ့နေကြီးများစစ်ကြောင်းဖြင့် လိုက်ပါဆန္ဒပြခဲ့ပြီး အသက် ၄၁ နှစ်အရွယ်တရားလွှတ်တော်ရှေ့နေ အမျိုးသမီးသည် Facebook  လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Kyunhla Thulay အကောင့်ဖြင့်လည်းကောင်း၊ အသက် ၂၉ နှစ်အရွယ် အထက်တန်းရှေ့နေ အမျိုးသမီးသည် MiChi Kyaw Htwe အကောင့်ဖြင့်လည်းကောင်း နိုင်ငံတော် အကြည်ညိုပျက်စေသည့် Post များအား ကိုယ်တိုင်ပြုလုပ် Post တင်ခြင်း၊ အခြားသူများတင်ထားသော Post များအား Like, Comment, Share ခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရသည့်အပြင် ရွှေဘိုမြို့နယ် ပကဖအဖွဲ့ ဒုတာဝန်ခံ ဆုမွန်ရည်(တရားလွှတ်တော်ရှေ့နေ)နှင့် ပတ်သက် ဆက်နွှယ်မှုများကိုပါ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

ထိုကဲ့သို့ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားအား ထိခိုက်ပျက်ပြားစေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ရေးသားထားသော မဟုတ်မမှန်သတင်းများအား လူမှုကွန်ရက်စာမျက်နှာပေါ်သို့  ပို့စ်တင်ခြင်း၊ ရှဲလ်ခြင်းများပြုလုပ်ခဲ့သူ ၎င်းရှေ့နေ ၂ ဦးအား ဥပဒေအရ အရေးယူရန်အတွက် ဇန်နဝါရီလ ၉ ရက်(ယနေ့)မွန်းလွဲပိုင်းက ရွှေဘိုမြို့မရဲစခန်းတွင် အသက် ၄၁ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ အမျိုးသမီးအား (ပ)၈/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ အသက် ၂၉ နှစ်အရွယ် အထက်တန်းရှေ့နေအား (ပ)၉/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် လည်းကောင်း အသီး သီးအမှုဖွင့်လှစ်ခဲ့ပြီး တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *