October 19, 2024

၆. ၁. ၂၀၂၄

Written by Nay Aung

မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများအနက် သဘာဝဘေးအန္တရာယ်များကြောင့် လူမှုစီးပွားရေးထိခိုက်မှုအများဆုံးခံစားနေရသည့် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း MALSE အဖွဲ့၏ ဖော်ပြချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များကြောင့် နှစ်စဉ် နိုင်ငံ့ ဂျီဒီပီ၏ ၀ ဒသမ ၉ ရာခိုင်နှုန်းခန့် ထိခိုက်ဆုံးရှုံးနေရပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့နှင့် နှိုင်းယှဉ်လျှင်မြင့်တက်နေကြောင်း သိရသည်။ ဖိလစ်ပိုင်နှင့် ဗီယက်နမ်သည် သဘာဝဘေး အန္တရာယ်ကြောင့် နှစ်စဉ် နိုင်ငံ့ဂျီဒီပီ၏ ၀ ဒသမ ၈ ရာခိုင်နှုန်း ထိခိုက် ဆုံးရှုံးနေရသလို လာအိုနှင့် ကမ္ဘောဒီးယားကလည်း နှစ်စဉ် နိုင်ငံ့ဂျီဒီပီ၏ ၀ ဒသမ ၇ ရာခိုင်နှုန်း ထိခိုက်ဆုံးရှုံးနေရကြောင်း ဖော်ပြထားသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့သည် အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် သဘာဝဘေးအန္တရာယ်ကြောင့် လူမူစီးပွားထိခိုက်ပျက်စီးရမှုအများဆုံး နိုင်ငံများအဖြစ် ထိပ်ဆုံးတွင်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ ၇၁ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်သူများဖြစ်ရာ အဆိုပါကျေးလက်နေထိုင်သူများသည် ၎င်းတို့ ရှင်သန်နေထိုင်မှုများအတွက် ရေကြီးမှု၊ မိုးခေါင်ရေရှားမှုစသော သဘာဝဘေးအန္တရာယ်အခြေအနေများကို စိုးရိမ်မှုများဖြင့် နေထိုင်ခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၅ နှစ်ကျော်အတွင်းငလျင်လှုပ်မှု၊ ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှု စသော ကြီးမားသော သဘာဝဘေးအန္တရာယ်ဒဏ်ကို ၂၄ ကြိမ်တွေ့ကြုံခဲ့ရပြီး လူပေါင်း ၄ သန်းကျော် အပေါ် သက်ရောက်မှုများစွာဖြစ်စေခဲ့ကာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံအထိ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုများ၊ မြေပြိုမှုများကြောင့် လမ်းများပြိုကျပျက်စီးမှုကို ပြန်လည်ပြုပြင်ရန်တစ်နှစ်ကို အနည်းဆုံးအမေရိကန်ဒေါ်လာသန်း ၂၀ နီးပါးသုံးစွဲခဲ့ရသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနကဆိုသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် စီးပွားရေးဆုံးရှုံးမှုများဖြစ်ခဲ့ရပြီး မုန်တိုင်းကြောင့် ၈၉ ရာခိုင်နှုန်း၊ ငလျင်လှုပ်ခတ်မှု ကြောင့် ၁၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

Ref relief myanmar

Leave a Reply

Your email address will not be published. Required fields are marked *