၇. ၁. ၂၀၂၄
Translated by Tha Doe
အမေရိကန်၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် ရဲအရာရှိကောင်းတွေကို ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ မြန်မာပြည်ဖွား ကိုအောင်ကောင်းမြတ်ဆိုတဲ့ ရဲအရာရှိပါ ပါဝင် ဆုချီးမြှင့် ခံခဲ့ရတယ်လို့ Buffalo Police Reserve Units က ဖော်ပြထားပါတယ်။
ဘတ်ဖလိုး အရံရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားချက်အရ ကိုအောင်ကောင်းမြတ်ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းလိုက်နာမှုအပြင် သူရဲ့ မယိမ်းယိုင်တဲ့ ကတိကဝတ်တွေ၊ စံထားလောက်တဲ့ ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ ပြည့်ဝတဲ့ ခေါင်းဆောင်မှုအရည် အချင်းတွေက ရပ်ရွာလုံခြုံရေးစနစ်ကို မြှင့်တင်နိုင်စေခဲ့ပြီး စံနမူနာဖြစ်စေခဲ့တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ကိုအောင်ကောင်းမြတ်ရဲ့ ထူးခြားတဲ့ စွမ်းဆောင်နိုင်မှုအရည်အချင်းက ဘတ်ဖဲလိုးအရံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာတန်ဖိုးကိုလည်း ဖော်ညွှန်းထုတ်ပြနိုင်ခဲ့လို့ အခုလို ထူးချွန်ဆု ချီးမြှင့်ခဲ့တာလို့လည်း ဖော်ပြခဲ့ပါတယ်။
ဘတ်ဖဲလိုးမြို့မှာ အရံရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ဖို့အတွက် အရည်ချင်းပြည့်မီသူတွေ စာရင်းပေးသွင်းမယ်ဆို တာဝန်ကျေပြွန်စွာထမ်းဆောင်ရင်း မကြာခင်မှာ အရည်အချင်းမီ အရံရဲအရာရှိတဦးဖြစ်လာနိုင်မှာဖြစ်ပြီး ရဲအရာရှိတစ်ဦးရဲ့ လုပ်ပိုင်ခွင့်အတိုင်း တာဝန်ထမ်းဆောင်ခွင့် ရှိမှာဖြစ်သလို ဌာနေ ရဲတပ်ဖွဲ့ လက်အောက်ခံအဖြစ် အချိန်ပိုင်း၊ အချိန်ပြည့်အမှုထမ်းပြီး ထိုက်သင့်တဲ့ လစာအကျိုးခံစားခွင့်လည်း ရရှိတယ်လို့ သိရပါတယ်။
ကိုအောင်ကောင်းမြတ်ကတော့ ဘတ်ဖဲလိုးမြို့ရဲတပ်ဖွဲ့မှာ တစ်နှစ်ခွဲကျော်တာဝန်ထမ်းဆောင်အပြီးမှာ အခုလို ၂၀၂၃ ခုနှစ်အတွက် ထူးချွန် အရံရဲအရာရှိဆု (2023 Outstanding Buffalo Police Reserve Officer Award) ကို ဆွတ်ခူးခဲ့တာလို့ သိရပါတယ်။