October 19, 2024

၉. ၁. ၂၀၂၄
Written by Ye Kyaw

ဝန်ထမ်းနှင့် လက်လုပ်လက်စားများ ရွှေစုနိုင်ရန်အတွက် ဘဏ်စနစ်ဖြင့် ချိတ်ဆက်ပြီး ရွှေကို တစ်ရွေးမှစ၍ ရောင်းချပေးခဲ့ရာ လက်ရှိတွင် ဌာနဆိုင်ရာဝန်ထမ်းများ ဝယ်ယူစုဆောင်းမှုများနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ယခုကဲ့သို့ ဘဏ်စနစ်နှင့်ချိတ်ဆက်၍ ရွှေရောင်းဝယ်မှုကို UAB ဘဏ်က ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းတွင် စတင်မိတ်ဆက်ခဲ့သော်လည်း အရောင်းအဝယ်ဆောင်ရွက်နိုင်မှု ခြောက်လသာ ရှိသေးသည်။ အဆိုပါစနစ်တွင် UAB Pay ဖြင့် ရွှေတစ်ရွေးမှ စတင်ဝယ်ယူနိုင်ပြီး ရွှေနှစ်ရွေးရှိပါက အခေါက်ရွှေပေါက်စျေးဖြင့် ပြန်လည်ရောင်းချနိုင်ခြင်းဖြစ်သည်။

“အဓိကတော့ ဝန်ထမ်းတွေနဲ့ လက်လုပ်လက်စားသမားတွေ ရွှေစုနိုင်အောင် လုပ်ပေးတာပေါ့။ များသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းတွေများတယ်။ အခုဝယ်နေတာ ဌာနဆိုင်ရာဝန်ထမ်းတွေများတယ်။ နှစ်သောင်းခွဲ၊ သုံးသောင်း ပတ်ချာလည်ဆိုတော့ အကုန်လုံးဝယ်နိုင်ပါတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ပြောသည်။

လက်ရှိတွင် ဘဏ်နှင့်ချိတ်ဆက်ပြီး ရွှေတစ်ရွေးမှစ၍ ဝယ်ယူနိုင်မှုကို UAB Pay တစ်ခုတည်းဖြင့်သာ ဆောင်ရွက်နိုင်သေးသည့်အတွက် ရောင်းဝယ်မှုစနစ်ကို ရွေးချယ်စရာနည်းနေခြင်းကြောင့် အခြားသော ဘဏ်များဖြင့်လည်း ချိတ်ဆက်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အခြားဘဏ်တွေကလည်း လုပ်တဲ့သူတွေလည်း လုပ်နေတယ်။ သူကလည်း Software ဆွဲတာတွေ ခွင့်ပြုမိန့်တောင်းတာတွေ လုပ်ရတာဆိုတော့။ အဲဒါတွေကို လုပ်နေတဲ့သူတွေလည်းရှိပါတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းအား မထိန်းချုပ်တော့ကြောင်း ကြေညာပြီးနောက် ပြည်တွင်း ရွှေဈေးနှုန်းအတွက် ဒေါ်လာဈေးနှုန်းကို ဈေးကွက်ပေါက်ဈေး တစ်ခုတည်းပေါ်တွင် တွက်ချက်ရခြင်းကြောင့် ပြည်တွင်း‌ရွှေဈေးနှုန်း အတက်အကျသည် ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျပေါ်မှာသာ မူတည်တော့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

သို့သော်လည်း လက်ရှိအချိန်တွင် ဒေါ်လာဈေးနှုန်း တည်ငြိမ်နေသည့်အပြင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၂၀၈၀ ကျော်မှ ဒေါ်လာ ၂၀၃၀ ကျော်သို့ ပြန်လည်ကျဆင်းနေသော်လည်း ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၄၀,၀၀၀ အထိဖြစ်ပေါ်နေ၍ ယခင်အမြင့်ဈေးနှုန်းထက်ပင် ထပ်မံမြင့်တက်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *