October 19, 2024

၉. ၁. ၂၀၂၄
Translated by Htwe Ko Tun

ဂျပန်နိုင်ငံအလယ်ပိုင်း၊ အီရှီကာဝါစီရင်စုအတွင်း ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်အပြီးတွင် ဝါဂျိမာမြို့ရှိ ဈေးကွက်တစ်ခုမှ မီးလောင်ကျန်ခဲ့သော အပျက်အစီးများအား ရဲတပ်ဖွဲ့က ဇန်နဝါရီ ၉ ရက်တွင် စတင်၍အသေးစိတ်ရှင်းလင်းခဲ့ပြီးနောက် ဒေသအာဏာပိုင်များက ငလျင်ကြောင့် ပျောက်ဆုံးနေသူမှာ လွန်ခဲ့သည့်တစ်ရက်ကျော်က ၃၀၀ ကျော်ရှိခဲ့သော် လည်း ၁၀၂ ဦးသို့ လျော့ကျသွားကြောင်း ပြောခဲ့ကြသည်။

သို့ရာတွင် တာဝန်ရှိသူများက ငလျင်ကြောင့် သေဆုံးရသူအရေအတွက်မှာမူ ဇန်နဝါရီ ၉ ရက်တွင် ၂၀၂ ဦးအထိတိုးမြင့်လာခဲ့ကြောင်း ပြောခဲ့ကြသည်။ ၎င်းတို့အနက် ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံရသော ဝါဂျိမာမြို့မှ သေဆုံးသူ ၈၁ ဦးအထိရှိခဲ့သည်။ ဝါဂျိမာမြို့ရှိ ဧည့်သည်များလာရောက်ကြရာ နံနက်ခင်းဈေးကွက်မှာ အဆောက်အအုံ ၂၀၀ ခန့် ပျက်စီးခဲ့ရပြီးနောက် ရှင်းလင်းမှုများပြုနေဆဲဖြစ်ကာ ငလျင်ကြောင့် မြို့တွင်းပျောက် ဆုံးနေသူအရေအတွက်ကို အတိအကျ မပြောနိုင်သေးဟုသိရသည်။

ငလျင်ကြောင့် ဒဏ်ရာရရှိသူစုစုပေါင်း ၅၆၅ ဦးအထိ ရှိလာကြောင်း ဇန်နဝါရီ ၉ ရက် သတင်းများကဆိုသည်။ အီရှီကာဝါစီရင်စုအတွင်း ငလျင်ဒဏ်ခံထားရသည့် ပြည်သူ ၂၈,၀၀၀ ကျော်မှာ ယာယီစခန်း ၄၀၀ နီးပါးတွင် စုပေါင်းနေထိုင်နေကြရဆဲဖြစ်သည်။

ဝါဂျိမာနှင့် ဆူဇူမြို့များရှိ ကျောင်း ၈၀ ကျော်မှာလည်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲဖြစ်နေရသည်။ ငလျင်ကြောင့် မိသားစု ၆၀,၀၀၀ ခန့်မှာ သုံးစွဲရန်ရေမရှိဖြစ်နေကြရကာ မိသားစု ၁၅,၆၀၀ ခန့်မှာလည်း လျှပ်စစ်ဓာတ်အားပြတ်တောက်နေဆဲဟု သိရသည်။

Ref-Kyodo News, Japan Times

Leave a Reply

Your email address will not be published. Required fields are marked *