October 19, 2024

၉. ၁. ၂၀၂၄
Written by Pan Ei

တောင်ကိုးရီးယားပါလီမန်က ခွေးသားစားခြင်းနဲ့ ရောင်းချခြင်းကို အဆုံးသတ်ဖို့ ဒီနေ့(ဇန်နဝါရီ ၉ရက်) မှာ အတည်ပြုခဲ့ပြီး ရာစုနှစ်များစွာကြာပြီဖြစ်တဲ့ အငြင်းပွားဖွယ်ရာ အလေ့အထနဲ့ ကျင့်ထုံးတွေကို တားမြစ်ပိတ်ပင်စေမဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

တစ်ချိန်က တောင်ကိုရီးယားမှာ နွေရာသီအချိန် ခွေးသားစားခြင်းက ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခုအဖြစ် လက်ခံခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကိုးရီးယားလူမျိုးတွေက ခွေးတွေကို မိသားစု အိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ကြပြီး ခွေးတွေကို သတ်ဖြတ်မှုတွေ ကြီးထွားလာမှုအပေါ် ဝေဖန်မှုတွေ များပြားလာတာကြောင့် အခုအခါမှာတော့ အသက်ကြီးသူတွေမှသာ အများစုစားသုံးတဲ့ ရှားပါးပစ္စည်း ဖြစ်လာခဲ့တာပါ။

ခွေးအများစုဟာ အသားအတွက် အသတ်ခံရတဲ့အခါမှာ ဓာတ်လိုက်အသတ်ခံရခြင်းနဲ့ ကြိုးနဲ့ အသတ်ခံရခြင်းဖြစ်တယ်လို့ တိရစ္ဆာန်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောကြားခဲ့ပေမဲ့ မွေးမြူသူတွေနဲ့ ကုန်သည်တွေကတော့ သတ်ဖြတ်တာတွေကို ပိုမိုလူသားဆန်စွာပြုလုပ်ပါတယ်လို့လည်း ငြင်းခုန်မှုတွေရှိခဲ့ဖူးပါတယ်။

သမ္မတကတော် Kim Keon Hee နဲ့အတူ ခွေး ၆ ကောင်နဲ့ ကြောင် ၈ ကောင်တို့ကို မွေးထားတဲ့ တိရစ္ဆာန်ချစ်သူဖြစ်ပြီး ခွေးသားစားသုံးမှုကို ဝေဖန်သူ သမ္မတ Yoon Suk Yeol လက်ထက်မှာတော့ တားမြစ်တာကို ထောက်ခံမှု ပိုမိုကြီးထွားလာခဲ့တာပါ။

အာဏာရပါတီက အဆိုပြုထားတဲ့ အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ထောက်ခံမဲ ၂၀၈ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ဥပဒေက သက်တမ်းသုံးနှစ်အကြာမှာ အသက်ဝင်မှာဖြစ်သလို ဥပဒေကို ချိုးဖောက်ပါက ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဝမ်သန်း ၃၀ (ဒေါ်လာ ၂၂၈၀၀) အထိ ချမှတ်ခံရနိုင်ပါတယ်။

စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ် ဧပြီလအထိ မွေးမြူရေးခြံပေါင်း ၁,၁၀၀ ခန့်မှာ စားသောက်ဆိုင် ၁,၆၀၀ လောက်အတွက် ခွေးကောင်ရေ ၅၇၀,၀၀၀ ကျော် မွေးမြူထားတယ်လို့ သိရပြီး ခုလို ပိတ်ပင်မှုမှာ ခွေး ၁ ဒသမ ၅ သန်းလောက် မွေးမြူထားတဲ့ ခြံ ၃,၅၀၀ နဲ့ စားသောက်ဆိုင် ၃,၀၀၀ တို့ကို ထိခိုက်စေမှာဖြစ်တယ်လို့လည်း တောင်သူလယ်သမားအသင်းက ပြောပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *