October 19, 2024

MT News
၉. ၁. ၂၀၂၄

အလဲထိုးနိုင်သူကို ထပ်ဆင့် ဆုချီးမြှင့်မဲ့ မြန်မာ – ထိုင်းရိုးရာလက်ဝှေ့ထိုးသတ်ပွဲကို ဇန်နဝါရီ ၁၄ ရက်မှာ ရန်ကုန်မြို့ သိမ်ဖြူကွင်းကြီးမှာ ကျင်းပမယ်လို့ ပွဲစီစဥ်တဲ့ ရိုးရာလက်ဝှေ့ကျော်ထွန်းထွန်းမင်းရဲ့ GCC (Great Cairo Club) မြန်မာ့ရိုးရာလက်ဝှေ့ကလပ်က သိရပါတယ်။

ယှဥ်ပြိုင်မဲ့ ဖိုက်တာတွေ အလဲထိုး အနိုင်ရရင် အလဲထိုးဆုကြေးကို သီးသန့်ဆုချသွားမှာဖြစ်ပြီး ခေါင်ပွဲအဖြစ် ထွန်းထွန်းမင်းရဲ့ညီ ထွန်းမင်းအောင်နဲ့ စူရာဖန်၊ ဒုတိယ ခေါင်ပွဲအဖြစ် သန့်စင်(ရှောင်လေး) နဲ့ အာနွန် တို့က ထိုးသတ်မဲ့အပြင် အခြားမျိုးဆက်သစ်တွဲဆိုင်းတွေလည်း ပါဝင်မယ်လို့ ထွန်းထွန်းမင်းက ပြောထားပါတယ်။

ဒါ့အပြင် ပြည်ပဖိုက်တာတွေကို မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာတွေရဲ့ ဂုဏ်အဆင့်နဲ့လျော်ညီစွာ Level တူ၊ အတန်းတူ၊ ၀ိတ်တန်းတူ နာမည်ရဖိုက်တာဖြစ်ဖို့ သေချာကျနစွာ စိစစ်ခေါ်ယူထားပြီး ထွန်းထွန်းမင်းကိုယ်တိုင်ကလည်း မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်တာမို့ ခေါ်ယူစီစဥ်ပေးတဲ့ လက်ဝှေ့ဖိုက်တာတိုင်းကို အကောင်းဆုံးကျေနပ်မှုရရှိစေဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း ထွန်းထွန်းမင်းက ရေးသားထားပါတယ်။

အလဲထိုးဆုကြေး သတ်မှတ်ရတာကလည်း ရိုးရာမောင်တွေ ပွဲထိုးချိန်အတွင်း ပိုမိုတက်ကြွတဲ့စိတ်နဲ့ နိုင်လိုစိတ်ပြင်းထန်လာဖို့ ထိုက်တန်တဲ့ အပိုဆုကြေး ရရှိခံစားစေလိုတဲ့အတွက် အလဲထိုးဆုကြေးပေးတာလို့လည်း ထွန်းထွန်းမင်းက ပြောပါတယ်။

လက်မှတ်ခတွေအနေနဲ့ နောက်ဆုံးတန်း ၁၀၀၀၀၊ တတိယတန်း ၂၀၀၀၀၊ ဒုတိယတန်း ၃၀၀၀၀၊ VIP တန်း ၅၀၀၀၀ သတ်မှတ်ထားတယ်လို့ ကနဦးသိရပြီး လက်မှတ်ရောင်းမဲ့ရက်ကို ထပ်မံကြေညာပေးမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ထွန်းထွန်းမင်းရဲ့ လူမှုကွန်ရက်မှာ မျှဝေထားမှုအရ တစ်ချိန်က ထွန်းထွန်းမင်းနဲ့ ရွှေအောင်လံလုဖက်ဖြစ်ခဲ့တဲ့ ရှုမဝနဲ့ ကျန်စစ်အောင်တို့ရဲ့ တွဲဆိုင်းကိုလည်း သုံးချီစိန်ခေါ်ပွဲအဖြစ် ထည့်သွင်းပေးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *