October 19, 2024

ထိုအမှုမှာ သိက္ခာချခြင်းသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း တရုတ်အစိုးရက ကန့်ကွက်

၉. ၁. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ခရိုင်တရားရုံးတစ်ရုံးက အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ကို လာဘ်ငွေအဖြစ်လက်ခံရယူကာ တရုတ်ထောက်လှမ်း ရေးအဖွဲ့များသို့ အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန်၏စစ်ရေးလေ့ကျင့်မှုသတင်းအချက်အလက်ကို ပေးပို့ခဲ့သော အမေရိကန်ရေတပ်မှ ရေတပ်သားဟောင်းတစ်ဦးကို ဇန်နဝါရီ ၈ ရက်တွင် ထောင်ဒဏ် ၂၇ လနှင့် ငွေ ဒဏ် အမေရိကန်ဒေါ်လာ ၅,၅၀၀ ချမှတ်ခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အသက် ၂၆ နှစ်ရှိ ဝန်ဟင်ကျောက်(Wenheng Zhao) ခေါ် သောမတ်စ်ကျောက် (Thomas Zhao) အား အမေရိကန်နိုင်ငံ၏ ပြည်ပနိုင်ငံတစ်ခုမှ လာဘ်ငွေများရယူကာ ပူးပေါင်းကြံစည်ခဲ့၍ အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။ အစိုးရရှေ့နေများက ၎င်းအား တရုတ်ထောက်လှမ်းရေးအဖွဲ့မှ ဒေါ်လာ ၁၅,၀၀၀ ကို ၁၄ ကြိမ်ခွဲ၍ပေးခဲ့ကြောင်း ပြောခဲ့ကြသည်။ တရားရုံး၏ သတင်းထုတ်ပြန်ချက်တွင် အမေရိကန်ပြည်ထောင်စု အစိုးရရှေ့နေ မာတင်အက်စ်ထရာဒါ က တရုတ်ထောက်လှမ်းရေးအရာရှိတစ်ဦးထံ လာဘ်ငွေများရယူပြီး သတင်းများပို့ပေးခဲ့မှုကြောင့် ကျောက် အနေဖြင့် နိုင်ငံကိုသစ္စာဖောက်ရာရောက်ပြီး မိမိကိုယ်မိမိလည်း အရှက်တကွဲသိက္ခာကျစေခဲ့ကြောင်း ပြောကြားခဲ့သည်။

အသက် ၂၆ နှစ်ရှိပြီဖြစ်သော ဝန်ဟင်ကျောက်က တရုတ်နိုင်ငံတွင်မွေးဖွားပြီး ၂၀၀၉ ခုနှစ်တွင် အမေရိကန်သို့ပြောင်းရွှေ့နေထိုင်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်မူ အမေရိကန်နိုင်ငံသားဖြစ်လာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အမေရိကန်ရေတပ်၌ ရေတပ်သားအဖြစ် တာဝန်ထမ်းခဲ့သည်။ ၎င်းက ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဗန်တူရာခရိုင်ရှိ ရေတပ်စခန်း၌ ရေတပ်တပ်ကြပ်ကြီးအဖြစ် အမှုထမ်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းလည်းဖြစ်သည်။

တရားရုံးဖိုင်တွဲများအရ ကျောက်က အမေရိကန်ရေတပ်စစ်သင်္ဘောများ၏ သတ်မှတ်တည်နေရာများနှင့်အချိန် ကိုက်ရေတပ်လှုပ်ရှားမှုများနှင့်အတူ ထောက်ပံ့ပို့ဆောင်ရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ထောက်ပံ့မှုများဆိုင်ရာအချက်များအပါအဝင် ရေတပ်ဆိုင်ရာသတင်းအချက်များကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ၂၀၂၃ ခုနှစ် မေလအထိ ဓာတ်ပုံများနှင့်ဗီဒီယိုများဖြင့် စုစည်းပေးပို့ခဲ့သည်ဟု သိရသည်။ ၎င်းတို့တွင် ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းရှိ အမေရိကန်ရေတပ်စခန်းတွင် တပ်ဆင်မည့်ရေဒါစနစ်အတွက် ပုံကြမ်းများနှင့် အသေးစိတ်စီမံချက်များလည်းပါဝင်ကြောင်း သိရသည်။

ကျောက် အနေနှင့် ၎င်းကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက်လည်း အမြင့်ဆုံးထောင်ဒဏ်အနှစ် ၂၀ အထိ ကျခံရနိုင်ကြောင်း သိရသည်။

ဤကဲ့သို့ အမေရိကန်ရေတပ်သားတစ်ဦးကိုအသုံးပြု၍ သတင်းအချက်အလက်များရယူနိုင်ရန်ကြိုးပမ်းလာမှုက တရုတ်နိုင်ငံအနေနှင့် အမေရိကန်မြေပေါ်တွင်တန်ပြန် ထောက်လှမ်းရေးသူလျှိုလုပ်ငန်းများ ပြုလုပ်လာမှု၏ သက်သေဖြစ်ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ဝါရှင်တန်ရှိ တရုတ်နိုင်ငံသံရုံးက အဆိုပါအမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်များကိုသံရုံးအနေဖြင့် မသိရှိကြောင်း၊ သို့ရာတွင် လွန်ခဲ့သောနှစ်များအတွင်း အမေရိကန်အစိုးရနှင့်မီဒီယာများက တရုတ်နိုင်ငံနှင့်ဆက်စပ်နေသည်ဟုဆိုသော သူလျှိုလုပ်ငန်းဆိုင်ရာအမှုတွဲများကို လူအများသိစေရန် အမွှမ်းတင် အကျယ် ချဲ့၍ရေးသားလာသည်ကိုတွေ့ရကြောင်း၊ နောက်ပိုင်းတွင် ၎င်းအမှုအများအပြားမှာ အခြေအမြစ်မရှိ၊ ခိုင်လုံမှုမရှိသည်ကိုသာတွေ့ရကြောင်း ဇန်နဝါရီ ၈ ရက် ကပြောကြားခဲ့သည်။

သံရုံးမှ ထုတ်ပြန်သော အီးမေးလ်တွင် ဤကဲ့သို့ တရုတ်နိုင်ငံအား ဂုဏ်သိက္ခာကျ၊ အသရေဖျက်သည့်အနေဖြင့် အမေရိကန်ဘက်မှ လုပ်ကြံဆောင်ရွက်မှုများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် လုံးဝ ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်။

Ref- -SCMP

Leave a Reply

Your email address will not be published. Required fields are marked *