October 19, 2024

၉. ၁. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယားနာမည်ကြီး အမျိုးသမီးအဆိုရှင်အဖွဲ့ Twice ရဲ့ အဖွဲ့ဝင် Nayeon ဟာ မကြာသေးမီက Dongkang ဆေးရုံရှိ ဆင်းရဲနွမ်းပါးတဲ့ လူနာတွေကို ကူညီနိုင်ဖို့အတွက် ဝမ်သန်း ၃၀ (မြန်မာငွေ သိန်း ၇၀၀ နီးပါး) လှူဒါန်းခဲ့ပြီး တောင်ကိုရီးယား သတင်းဌာန Star News ရဲ့ဖော်ပြချက်အရ အဆိုပါ ငွေတွေကို လူနာတွေရဲ့ ခွဲစိတ်မှုကုန်ကျစရိတ်အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခုလိုလှူဒါန်းမှုကြောင့် သူမဟာ ၂၀၂၄ ခုနှစ်မှာ Community Chest Of Korea ရဲ့ ပထမဆုံးဂုဏ်ပြုခံလူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး သူမရဲ့ အေဂျင်စီဖြစ်တဲ့ JYP ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်းမိတ်ဆက်ပွဲအခမ်းအနားမှာ Nayeon က အရင်ကလည်း ဝမ်သန်း ၂၀ (အမေရိကန်ဒေါ်လာ ၁၅,၃၀၀) ကို အမည်ဝှက်နဲ့လှူဒါန်းခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“၂၀၂၄ မှာ ဂုဏ်ပြုခံလူ့အဖွဲ့အစည်းမှာ ပါဝင်ခွင့်ရတာ ကျွန်မအတွက် အခွင့်ထူးတစ်ခုပါ။ ဒီနှစ်မှာ ကျွန်မ ကြိုးကြိုးစားစားနဲ့ အပြုသဘောဆောင်ပြီး လွှမ်းမိုးမှုရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာအောင်လုပ်ဆောင်သွားပါမယ်” လို့ Nayeon က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

Nayeon ဟာ ပရဟိတလုပ်ငန်းအတွက် လှူဒါန်းတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ဝမ်သန်း ၅၀ လှူဒါန်းခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်ကလည်း သူမရဲ့ Twice အဖွဲ့ဝင်ရှစ်ဦးနဲ့အတူ တူရကီနဲ့ ဆီးရီးယားရှိ ငလျင်ဒဏ်ခံခဲ့ရတဲ့ မိသားစုတွေကို ကူညီဖို့အတွက် ဝမ်သန်း ၂၀၀ လှူဒါန်းခဲ့ပါသေးတယ်။

လှူဒါန်းမှုတွေကို အမြဲဆိုသလို လုပ်လေ့ရှိတဲ့ Nayeon အတွက် ၂၀၂၄ က ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်နေပုံရပြီး သူမဟာ မကြာသေးမီက Bonia အမှတ်တံဆိပ်ရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရပါတယ်။ ဒါ့အပြင် လာမဲ့ဖေဖော်ဝါရီလမှာလည်း သူမရဲ့ အဖွဲ့ဟာ မီနီအယ်လ်ဘမ်အသစ် ထွက်ရှိမှာဖြစ်သလို မက္ကဆီကိုနဲ့ ဘရာဇီးလိုမျိုး နိုင်ငံများစွာမှာပါ ဖျော်ဖြေမဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို ဆက်လက်လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *