
၉. ၁. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံ ဖူးခက်မြို့ ကာလမအလုပ်သမားစခန်းမှာ ဇန်နဝါရီ ၆ ရက် ညပိုင်းက အသက် ၁၉ နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက် မြန်မာအမျိုးသမီးတစ်ဦးဟာ မိမိကိုယ်ကိုယ် ဆွဲကြိုးချ အဆုံးစီရင်ထားတဲ့အနေအထားနဲ့ အသက်မဲ့နေတာကို သူမရဲ့ မိဘတွေက ရှာဖွေတွေ့ရှိခဲ့ကြပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီးငယ်က အေးမွန်စန်းလို့ အမည်ရပြီး အခင်းဖြစ်ရာနေရာဘေးမှာ ဝမ်းနည်းပူဆွေးနေတဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဦးအောင်ဆန်းဦးနဲ့ ဒေါ်စိုးစိုးတို့ဟာ သမီးဖြစ်သူရဲ့ အလောင်းဘေးမှာ မျက်ရည်စက်လက်နဲ့ ငိုကြွေးနေတာကို တွေ့ရှိခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ အကြမ်းဖျင်းအားဖြင့် ၉၀ စင်တီမီတာခန့် အရှည်ရှိပြီး အထူ ၀ ဒသမ ၅ စင်တီမီတာရှိတဲ့ ဝိုင်ယာကြိုးတစ်ချောင်းနဲ့ ကုလားထိုင်တစ်လုံးတို့ကို အဆုံးစီရင်တဲ့နေရာမှာ အသုံးပြုထားတာကို တွေ့ရပြီး ဝိုင်ယာကြိုးဟာ သူတို့နေထိုင်ရာတဲအိမ်ရဲ့အမိုးတန်းတစ်ခုမှာ ချည်နှောင်ထားပုံရပါတယ်။
မိသားစုရဲ့ ပြောကြားချက်အရ သူတို့ဟာ ပြီးခဲ့တဲ့တစ်လခန့်က အဲ့ဒီတဲအိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အေးမွန်စန်းဟာ အိမ်မှာ တစ်ယောက်တည်းနေခဲ့ကာ သူမဟာ အေးအေးဆေးဆေး နေတတ်သူဖြစ်တယ်လို့ မိသားစုက ဆိုပါတယ်။
ဒါပေမဲ့ သူမရဲ့ မိဘတွေက သမီးဖြစ်သူရဲ့ ပြင်းထန်တဲ့ လုပ်ရပ်နောက်ကွယ်က အကြောင်းပြချက်ကို သေချာမသိရှိပေမဲ့ သူမဟာ သူမရဲ့ဘဝကို ရည်ရွယ်ချက်ရှိရှိအဆုံးသတ်ခဲ့တာဖြစ်တယ်လို့ အခိုင်အမာယုံကြည်နေကြပါတယ်။ ဒါ့အပြင် မအေးဟာ သူမတို့ မတတ်နိုင်တဲ့ တန်ဖိုးကြီး အလှကုန်တချို့ကို ပိုင်ဆိုင်ဖို့ စိတ်အားထက်သန်နေခဲ့ဖူးပြီး သူမ ဒီပစ္စည်းတွေကို မဝယ်နိုင်တာကြောင့် ရက်အတော်ကြာအောင် သိသိသာသာ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လည်း မိသားစုဝင်တွေက ဝေမျှခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူမရဲ့လက်မောင်းမှာလည်း အမာရွတ်ဟောင်းတွေကို တွေ့ရှိခဲ့ရကာ အရင်ကတည်းက သူမကိုယ်သူမ ထိခိုက်စေခဲ့တာတွေကိုလည်း သတိပြုမိစေခဲ့ပါတယ်။
ကနဦး စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် အေးမွန်စန်းရဲ့အလောင်းကို ပက်တွန်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျ သိရှိနိုင်ဖို့ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်း စစ်ဆေးလျက် ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref; The Thaiger
