
MT News
၉.၁. ၂၀၂၄
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်း ဝင်ရောက်လာသူ အမျိုးသား (၆) ဦး၊ အမျိုးသမီး (၂) ဦး စုစုပေါင်း (၈)ဦးကို ဇန်နဝါရီ ၈ ရက်က မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး ယခုဆိုလျှင် ရန်ကုန် တိုင်းဒေသကြီးတွင် အလင်းဝင်ရောက်လာသူ စုစုပေါင်း (၉၆)ဦးအား လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် အလင်းဝင်ရောက်လာသူများကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အလင်းဝင်ရောက်လာသူများနှင့် မိဘများအနေဖြင့် ယခုလို ကြိုဆိုလက်ခံမှု အခြေနေများကို နီးစပ်ရာ သက်ဆိုင်သူများကိုပါ ပြောပြပြီး ထပ်မံစည်းရုံးပေးကြရန် လိုပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။
အလင်းဝင်ရောက်လာသူများ အနေဖြင့် ပြန်လည်ဝင်ရောက်လာပြီး နောက်ပိုင်းကာလတွင် ကောင်းမွန်စွာနေထိုင်ကာ နိုင်ငံအကျိုးပြုသူများ ဖြစ်လာစေရန် ကြိုးစားနေထိုင်ကြရန်လည်း ဦးစိုးသိန်းက ပြောကြားသည်။
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်း ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ (၈)ဦးကို မိသားစုဝင်များထံ လွှဲပြောင်းအပ်နှံပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု သိရသည်။







